ပါလက်စတိုင်းသမ္မတ မာမွတ်ဒ်အက်ဘာ့စ်ဟာ ရာမာဒန်ဥပုသ်လ မတိုင်ခင်မှာ ပါလက်စတိုင်း ပြည်သူတွေအပေါ် ရက်စက်ကြမ်းကြုတ်တဲ့ အစ္စရေးရဲ့ ရန်လိုမှုနဲ့ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုစစ်ပွဲကို ရပ်တန့်ဖို့ တူရကီသမ္မတ အာဒိုဝန်နဲ့ ဆွေးနွေးခဲ့ကြောင်း မတ်လ ၅ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။
သူနဲ့ အာဒိုဝန် တို့ဟာ ရာမာဒန် ဘာသာရေးဆိုင်ရာ လမတိုင်ခင် ပါလက်စတိုင်း နယ်မြေတွေမှာ မြင့်မြတ်သန့်ရှင်းတဲ့ အစ္စလာမ္မစ်နဲ့ ခရစ်ယာန်နေရာတွေကို အစ္စရေးရဲ့ တိုက်ခိုက်မှုတွေ ရပ်တန့်အောင် လုပ်ရမယ့် နည်းလမ်းတွေကို ဆွေးနွေးခဲ့တယ်လို့ အန်ကာရာရှိ ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ အက်ဘာ့စ်က ပြောသွားပါတယ်။
ဂါဇာကမ်းမြောင်မှာ တန်ဖိုးထားရတဲ့အရာတွေ၊ အနောက်ဘက်ကမ်းနဲ့ သန့်ရှင်းတဲ့ ဂျေရုဆလင်တို့မှာ မငြိမ်မသက်ဖြစ်နေတဲ့ အခြေအနေကို မီးလောင်စေတဲ့ အစ္စရေးလုပ်ရပ်တွေရဲ့ အန္တရာယ်နဲ့ အခြေချနေထိုင်သူတွေကို အယ်လ်အက်ဆာ ဗလီတွေဆီ ဝင်ရောက်ဝတ်ပြုခွင့်နဲ့ ဝတ်ပြုသူတွေကို တိုက်ခိုက်တာတွေကို တားမြစ်ထားဖို့တွေလည်း ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ဝင်ရောက်ခွင့်ပြုဖို့၊ ပါလက်စတိုင်းလူမျိုးတွေ နေရပ်စွန့်ခွာ ထွက်ပြေးနေရမှုကို တားဆီးပေးဖို့နဲ့ သိမ်းပိုက်ထားတဲ့ အစိုးရက ပါလက်စတိုင်း စီးပွားရေးကို လည်မျိုညှစ်ထားတာကို ရပ်တန့်အောင် ကြိုးစားအားထုတ်ပေးဖို့တွေလည်း ဆွေးနွေးခဲ့ကြောင်း ပါလက်စတိုင်းသမ္မတ အက်ဘာ့စ်က ပြောပါတယ်။
ပါလက်စတိုင်းလူမျိုးတွေရဲ့ တခုတည်းသော တရားဝင်ကိုယ်စားလှယ်ဖြစ်တဲ့ ပါလက်စတိုင်း လွတ်မြောက်ရေးအဖွဲ့ (PLO) ရဲ့ မူဘောင်အတွင်းမှာ ပါလက်စတိုင်း အစုအဖွဲ့တွေကို ပေါင်းစည်းပြီးတော့ အဖွဲ့ရဲ့ နိုင်ငံရေးအစီအစဉ်တွေနဲ့ နိုင်ငံတကာ ကတိကဝတ်တွေအရ တပ်ဖွဲ့တွေကို စုစည်းပြီး ဆက်လက်လုပ်ဆောင်နေကြောင်းနဲ့ ပြည်သူပြည်သား စည်းလုံးညီညွတ်ရေးကို ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ကြောင်းလည်း ဆိုပါတယ်။
ဂါဇာကမ်းမြောင်ကို တိုက်ခိုက်တဲ့အတွက် အစ္စရေးကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပြီး ကမ္ဘာ့တရားရုံးမှာ လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ ကြိုးပမ်းဆောင်ရွက်မှုတွေကို ကျောထောက်နောက်ခံပြုထားတဲ့ တူရကီက အပစ်အခတ် ရပ်စဲရေးကို အကြိမ်ကြိမ် တောင်းဆိုခဲ့ပါတယ်။
ဒါပေမဲ့ အန်ကာရာဟာ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲတွေမှာ တိုက်ရိုက်ပါဝင်ပတ်သက်မှုတော့ မရှိပါဘူး။
Source/Photo-Reuters