ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နဲ့ မြို့ကြီးရွာကြား ညောင်ပင်ထောက်ကွေ့မှာ Probox ကား တစီးမှောက်ခဲ့ပြီးလူ ၆ ဦး ပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ ဒေသခံထံက သိရပါတယ်။
မတ် ၅ ရက် နေ့လယ် ၂ နာရီလောက်မှာ ကားက အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ခဲ့တာလို့ မျက်မြင်တွေ့သူတဦးက ပြောပါတယ်။
"အဲအနားလမ်းက အတက်အဆင်း အရမ်းများတယ်။ လမ်းလည်းကျဉ်းတယ်။ အကွေ့လည်း များ တယ်။ ကားပေါ်လူ ၇ ဦးပါတာ ကားက တိမ်မှောက်တော့ ၆ ဦးပွဲချင်းပြီး သေသွားတယ်။ ကျန်တဦးက ကလေးဖြစ်ပြီး ဒဏ်ရာ ပြင်းထန်စွာရတယ်။ ဒဏ်ရာရတဲ့ကလေးတော့ ကျောက်ဆည်ဆေးရုံမှာ ကယ်ဆယ်ရေးအဖွဲ့က ပို့ပေးခဲ့တယ်။"
သေဆုံးသွားတဲ့သူတွေဟာ အောင်ပန်းမြို့ ဇာတိ ၁ ဦးနဲ့ ဟိုပုံးမြို့ ဇာတိ ၅ ဦး စုစုပေါင်း ၆ ဦးတို့ဖြစ်ပြီး ရုပ်အလောင်းတွေကို မြို့ကြီးရွာရင်ခွဲရုံသို့ ကယ်ဆယ်ရေးအဖွဲ့က ပို့ပေးခဲ့ပါတယ်။
မတ် ၁ ရက်ကလည်း အောင်ပန်းမြို့မှာ ဆိုင်ကယ်တစီး အရှိန်မထိန်းဘဲ လမ်းဘေး အုတ်တံတိုင်း ကို ဝင်တိုက်ပြီး အမျိုးသားတဦး သေဆုံးခဲ့ပါတယ်။