ဧရာဝတီတိုင်းအတွင်း ဆောင်းသီးနှံစိုက်တဲ့ရာသီမှာ နေကြာမစိုက်တဲ့တောင်သူတွေကို စစ်ကောင်စီက ဒဏ်ငွေရိုက်နေတယ်လို့ ဒေသခံ တောင်သူတွေက ပြောပါတယ်။
အခုနှစ် ဆောင်းသီးနှံတွေ စိုက်တဲ့ရာသီမှာ ဒေသခံတောင်သူတွေကို စစ်ကောင်စီက ပြည်ပကနေ စားဆီတင်သွင်းရတာ လျော့နည်းစေဖို့ဆိုပြီး ဆီထွက်သီးနှံနေကြာကို မဖြစ်မနေ ဖိအားပေး စိုက်ခိုင်းခဲ့တာဖြစ်ပါတယ်။
ဘိုကလေးဒေသခံ တောင်သူတဦးက ''ပြည်ပကနေ စားဆီတင်သွင်းရတာ အောက်ကျလို့ ပြည်တွင်းမှာ စားဆီများများ ထုတ်လုပ်နိုင်ဖို့ဆိုပြီး နေကြာတွေစိုက်ခိုင်းတာ။ ကိုယ့်ဒေသ မြေအနေအထား ရာသီဥတု ကုန်ကျစရိတ်တွေ တွက်ချက်ကြည့်တော့ အဆင်မပြေလို့ မစိုက်ခဲ့တာ။ အဲ့ဒါကို မစိုက်ရကောင်းလားဆိုပြီး အခုဒဏ်ငွေရိုက်တာ။ ဒဏ်ငွေ ကျပ် ၂ သိန်းပေးရတာ”လို့ ပြောပါတယ်။
ကျိုက်လတ်မြို့နယ်က လယ်သမားတဦးကလည်း “လယ်သမားတွေ မျက်နှာပြန်မကြည့် ထင်တိုင်းကြဲနေတာ။ နေကြာစိုက်ရင် ကုန်ကျစရိတ်က မခြားသီးနှံတွေထက်များတယ်။ အကျိုး အမြတ်က ထင်သလောက်မရှိဘူး။ စားဆီဈေးတက်နေပေမဲ့ နေကြာက ဒေသမှာဖြစ်ထွန်းမှု အရမ်းအားနည်းတယ်။ ဒါကိုလည်း သက်ဆိုင်ရာကို တင်ပြထားတယ်။ စပါးစိုက်တာလောက် အဆင်ပြေတဲ့ မြေကို နေကြာစိုက်ခိုင်းတာ။ အခုခေတ်ဈေးနဲ့ကုန်ကျစရိတ်များလို့ မစိုက်တာကို အခုလို လုပ်တာပဲ လယ်သမားတယောက်အနေနဲ့ ဝမ်းနည်းတယ်ကွာ”လို့ ပြောပါတယ်။
နေကြာမစိုက်တဲ့ တောင်သူတွေကို စစ်ကောင်စီရဲ့ အမိန့်အရလို့ဆိုကာ အုပ်ချုပ်ရေးအပိုင်းနဲ့ စိုက်ပျိုးရေး ဦးစီးဌာနက အစည်းအဝေးခေါ် ဒဏ်ငွေရိုက်နေတာလို့ ဒေသခံတွေဆီက သိရပါတယ်။
ဒါ့အပြင် လယ်သမားတွေကို သတ်မှတ်ငွေ မပေးရင် ဖမ်းဆီးအရေးယူလို့ရတယ်လို့ ခြိမ်းခြောက်နေပြီး ဒဏ်ငွေပေးရတဲ့ လယ်သမား အယောက် ၃၀ ထက်မနည်း ရှိတယ်လို့ ဆိုပါတယ်။