Home
မြန်မာသတင်း
ထိုင်းဗီဇာ အခကြေးငွေယူ မသမာမှုပြုလုပ်ပါက သံရုံးကို တိုင်ကြားနိုင်
DVB
·
March 6, 2024
thai 632024

ထိုင်းသံရုံးမှာ ပြည်ဝင်ခွင့်ဗီဇာလျှောက်ထားရာမှာ အခကြေးငွေ ရယူပြီးတော့ မသမာမှုတွေ ပြုလုပ်လာတာတွေ ရှိနေတာကြောင့် ဒီလိုမသမာမှုတစုံတရာကို တွေ့ရှိပါက သံရုံး ဝန်ထမ်း၊ ဒါမှမဟုတ် လုံခြုံရေးဝန်ထမ်းတွေကို အကြောင်းကြားပေးဖို့ မေတ္တာရပ်ခံထားပါတယ်။ 

ရန်ကုန်မြို့မှာရှိတဲ့ ထိုင်းသံရုံးမှာ ပြည်ဝင်ခွင့် ဗီဇာလျှောက်ထားတဲ့ မြန်မာနိုင်ငံသားတွေ များပြားလာခဲ့တာကြောင့် ဗီဇာလျှောက်ထားဖို့အတွက် ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၂ ရက်ကစတင်ပြီး အွန်လိုင်းတိုကင်စနစ်နဲ့ပါ ဆောင်ရွက်သွားမယ်လို့  ထုတ်ပြန်ထားခဲ့တာပါ။

လတ်တလော ထိုင်းသံရုံးက ထုတ်ပြန်ရာမှာတော့ အွန်လိုင်းဗီဇာရက်ချိန်းလျှောက်တဲ့ စနစ်မှာ တချို့မသမာသူတွေက ပတ်စပို့နံပါတ်အမျိုးမျိုးကို သုံးကာ ရက်ချိန်းမှာ (မိမိ တဦးတည်းအတွက်မဟုတ်ဘဲ) ဘွတ်ကင်နေရာအများအပြားကို ရယူနေတာကြောင့် ရက်ချိန်းနေ့မှာ ရက်ချိန်းယူထားပေမယ့် လာရောက် လျှောက်ထားသူမရှိတဲ့ အခြေအနေတွေ မြင့်မားနေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် သံရုံးဝန်ထမ်းအယောင်ဆောင်ထားသူတွေက သံရုံးရှေ့မှာ တချို့ဗီဇာလျှောက် ထားသူတွေကို သူတို့ပါလာတဲ့ ငွေကြေးကို သံရုံး ကောင်စစ်ဌာနဆီ မဝင်ခင်မှာ စစ်ဆေး ပေးမယ်ဆိုပြီး ဖျားယောင်းသိမ်းသွင်းခဲ့တာတွေကိုလည်း သိရှိရတယ်လို့ ဆိုပါတယ်။ 

မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံရုံးအနေနဲ့ ဗီဇာရက်ချိန်းလျှောက်ထားရာမှာ အခကြေးငွေယူတဲ့ စည်းမျဉ်းချမှတ်မထားတာကြောင့် ဗီဇာရက်ချိန်းလျှောက်လိုသူတယောက်ကို တစုံတယောက်က ရက်ချိန်းတခုရှိနေရာ (reservation slot) ကိုလာပေးပြီး အခကြေးငွေ တောင်းလာခဲ့ရင် မယုံကြည်ဖို့၊ သူတောင်းဆိုတဲ့အတိုင်း မလိုက်လျောဖို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် သံရုံးအနေနဲ့ ကောင်စစ်ဌာနအပြင်မှာ ဗီဇာလျှောက်ထားသူတွေရဲ့ ရက်ချိန်း လျှောက်ထားမှု အတည်ပြုချက် (booking confirmation Information) နဲ့  ပတ်စပို့ကိုသာ စစ်ဆေးပြီး ကောင်စစ်ဌာနအတွင်း လိုအပ်တဲ့ စာရွက်စာတမ်းတွေကို စစ်ဆေးပြီး ဗီဇာကြေး လက်ခံတာကြောင့် ပြင်ပတနေရာရာမှာ စာရွက်စာတမ်းနဲ့ ငွေကြေးစစ်ဆေးတာက သံရုံးကဆောင်ရွက်ခြင်း မဟုတ်ဘူးလို့လည်း အသိပေးထားပါတယ်။

ဗီဇာလျှောက်ထားလိုသူတွေအနေနဲ့ ရက်ချိန်းယူဖို့ ညွှန်ကြားချက်တွေကိုတော့ ဖော်ပြပါ  https://www.thaiconsularyangon.com/visa/ အင်တာနက်စာမျက်နှာပေါ်ကတဆင့် လေ့လာကြဖို့ အကြံပြုထားပါတယ်။

မြန်မာနိုင်ငံမှာ အာဏာသိမ်း စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်း ဥပဒေထုတ်ပြန်ပြီး အဓမ္မ စစ်သားစုဆောင်းနေတာကြောင့်  လူငယ်လူရွယ်တွေဟာ  နည်းလမ်းပေါင်းစုံနဲ့ ပြည်ပကို ထွက်ခွာဖို့ ကြိုးစားနေတာဖြစ်ပြီး နိုင်ငံကူးလက်မှတ် လျှောက်ထားသူတွေနဲ့ ပြည်ပ လေယာဉ်ခရီးစဉ် ကြိုတင် ဘိုကင်လုပ်သူတွေလည်း ပိုလို့ တိုးများလာနေပါတယ်။ 

ပြီးခဲ့တဲ့ လထဲမှာတင် ထိုင်းသံရုံးမှာ ပြည်ဝင်ခွင့် ဗီဇာလျှောက်ထားတဲ့ မြန်မာနိုင်ငံသား ၇,၀၀၀ ကျော် ရှိနေတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေကို ကိုးကားပြီး ဘန်ကောက်ပို့စ်သတင်းစာက ဖော်ပြထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013