ယီမင်နိုင်ငံက ဟူသီသူပုန်တွေဟာ ပင်လယ်နီမှာ အမေရိကန်စစ်သင်္ဘော နှစ်စင်းကို ပစ်မှတ်ထား စစ်ဆင်ရေးတခု ပြုလုပ်ခဲ့ကြောင်း အဖွဲ့ရဲ့ စစ်ဘက်ပြောရေးဆိုခွင့်ရှိသူ ယာယျာဆာရီးက မတ်လ ၅ ရက် ရုပ်သံမိန့်ခွန်းမှာ ပြောပါတယ်။
ယီမင်လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ ရေတပ်၊ ဒုံးပျံတပ်နဲ့ လေတပ်တွေဟာ ရေတပ်ဒုံးကျည်တွေ၊ ဒရုန်းတွေ အများအပြားနဲ့ ပင်လယ်နီမှာရှိတဲ့ အမေရိကန် စစ်သင်္ဘောနှစ်စင်းကို ပစ်မှတ်ထားပြီး စစ်ဆင်ရေးကို လုပ်ဆောင်ခဲ့တာလို့ ဆိုပါတယ်။
ယီမင်လက်နက်ကိုင်တပ်ဖွဲ့တွေဟာ ရန်လိုနေတဲ့ပစ်မှတ်တွေ အားလုံးအပေါ် စစ်ဆင်ရေးချဲ့ထွင်ဖို့ တွန့်ဆုတ်နေမှာ မဟုတ်ကြောင်းနဲ့ အခုချိန်ထိအောင် ရန်လိုမှုနဲ့ ဝိုင်းရံပိတ်ဆို့မှု ခံနေရတဲ့ ပါလက်စတိုင်းပြည်သူတွေကို ထောက်ပံ့ကူညီမှုတွေပေးဖို့ သူတို့လူမျိုးတွေနဲ့ အစ္စလာမ္မစ်နိုင်ငံတော်ရဲ့ လွတ်လပ်တဲ့ ပြည်သူတွေရဲ့ တောင်းဆိုချက်ကို တုံ့ပြန်တာ ဖြစ်ကြောင်းလည်း ယာယျာဆာရီးက ပြောပါတယ်။
ဂါဇာကမ်းမြောင်ဒေသရှိ ပါလက်စတိုင်းပြည်သူတွေအပေါ် ရန်လိုမှုရပ်တန့်ပြီး ပိတ်ဆို့ထားမှုတွေ ရုပ်သိမ်းသွားတဲ့အထိ ယီမင်လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ စစ်ဆင်ရေးတွေကို ရပ်တန့်သွားမှာ မဟုတ်ကြောင်းလည်း ထပ်လောင်းပြောသွားပါတယ်။
ဟူသီတွေရဲ့ ပင်လယ်နီ တိုက်ခိုက်မှုကြောင့် ကမ္ဘာလုံးဆိုင်ရာ သင်္ဘောအသွားအလာတွေ အနှောင့်အယှက်ဖြစ်စေခဲ့ရပြီး ကုမ္ပဏီတွေဟာ အာဖရိကတောင်ပိုင်းတဝိုက်က လမ်းကြောင်းပိုရှည်ပြီး ပိုစျေးကြီးတဲ့ ခရီးတွေကို လမ်းကြောင်းပြန်ပြောင်းခဲ့ရပါတယ်။
အစ္စရေး-ဟားမတ်စ် စစ်ပွဲကနေ အရှေ့အလယ်ပိုင်းဒေသကို မတည်မငြိမ်ဖြစ်စေအောင် စစ်မီးပျံ့နှံ့လာမှာကိုလည်း စိုးရိမ်မှုတွေ ဖြစ်ပေါ်ခဲ့ရပါတယ်။
ဟူသီစစ်သွေးကြွတွေဟာ နိုဝင်ဘာလလယ်ကတည်းက နိုင်ငံတကာ ကုန်သွယ်ရေး သင်္ဘောတွေကို ဒရုန်းတွေ၊ ဒုံးကျည်တွေနဲ့ အကြိမ်ကြိမ် ပစ်လွှတ်တိုက်ခိုက်နေခဲ့တာဖြစ်ပြီး ဂါဇာမှာ အစ္စရေးရဲ့ စစ်ရေးဆောင်ရွက်မှုတွေကို ဆန့်ကျင်တဲ့အနေနဲ့ ပါလက်စတိုင်းတွေနဲ့ စည်းလုံးညီညွတ်စွာ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
Source/Photo-Reuters