ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့မှာ နေ့တိုင်း တိုက်ပွဲတွေဖြစ်ပွားနေပြီး နှစ်ဖက် ထိခိုက်ကျဆုံးတာတွေ ရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းတိုင်းစစ်ဒေသ၊ အမှတ် ၃၁ စစ်ဗျူဟာ ဒုတိယစစ်ဆင်ရေးမှူးရုံး တာဝန်ရှိသူက ပြောပါတယ်။
ကော့ကရိတ်မြို့တွင်းမှာ စစ်ကောင်စီတပ်ဘက်က နယ်မြေစိုးမိုးဖို့ လုပ်ဆောင်နေတာကြောင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲတွေ နေ့တိုင်းလိုလို ဖြစ်ပွားနေပါတယ်။
နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က ထိခိုက်ကျဆုံးခဲ့သလို စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးအပြင် ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်တာ၊ စနိုက်ပါနဲ့ ပစ်ခတ်တာတွေကြောင့် KNLA ပူးပေါင်းတပ်ဘက်ကလည်း ၂ ယောက်ကျဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေ ရှိခဲ့တယ်လို့ အမှတ် ၃၁ စစ်ဗျူဟာ ဒုတိယစစ်ဆင်ရေးမှူးရုံး တာဝန်ရှိသူက ပြောပါတယ်။
မတ်လ ၃ ရက် မွန်းလွဲပိုင်းက စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးအပြင် ဒရုန်းဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အထက်ရွာအတွင်း နေအိမ်တွေ မီးလောင်ပျက်စီးခဲ့ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပြည်သူ့ရေးရာဌာနက ဦးဆောင်ပြီး KNLA ပူးပေါင်းတပ်ဘက်က လုံခြုံရေးအစောင့်အရှောက်နဲ့ နေအိမ်တွေကနေ အိုးအိမ်ပစ္စည်းတွေကို ယူဆောင်ခွင့်ပေးနေတယ်လို့ အမှတ် ၃၁ စစ်ဗျူဟာ ဒုတိယစစ်ဆင်ရေးမှူးရုံး တာဝန်ရှိသူက ပြောပါတယ်။
ဒါ့အပြင် ဖေဖော်ဝါရီ ၂၅ ရက် မွန်းလွဲ ၃ နာရီလောက်က နှစ်ဖက်တိုက်ပွဲဖြစ်ပွားပြီးနောက် ကော့ကရိတ်မြို့ အမှတ် ၄ ရပ်ကွက် ကြားအင်းကုန်းက ဦးမာမက် သစ်စက်အနီး နေအိမ် ၁၀ လုံးနီးပါး မီးလောင်ပျက်စီးခဲ့ပါတယ်။
ဒီဇင်ဘာ ၁ ရက်ကစတင်ပြီး ဒီကနေ့အထိ တိုက်ပွဲတွေနဲ့ စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် ဒေသခံပြည်သူ ၂၀ နီးပါး ထိမှန်သေဆုံးခဲ့ပြီး နေအိမ် ၃၀၀ ကျော် မီးလောင်ဆုံးရှုံးခဲ့ရတဲ့အပြင် နေအိမ် ၅၀ ကျော် ထိမှန်ပျက်စီးခဲ့တယ်လို့ မြို့ခံပြည်သူတွေက ပြောပါတယ်။
နေအိမ်မီးလောင်ဆုံးရှုံးလိုက်ရတာကြောင့် ပူဆွေးသောကတွေ ရောက်ခဲ့ရတယ်လို့ နေအိမ်မီးလောင်ဆုံးရှုံးခဲ့တဲ့ စစ်ရှောင်ပြည်သူတယောက်က ပြောပါတယ်။
ကော့ကရိတ်မြို့တွင်းကို စစ်ကောင်စီက အင်အားဖြည့်တင်းနေပေမဲ့ ကော့ကရိတ်မြို့ ဧရိယာ ၇၀ ရာခိုင်နှုန်းကျော်အထိ KNLA ပူးပေါင်းတပ်တွေက စိုးမိုးလာနိုင်ပြီဖြစ်တဲ့အပြင် မကြာခင်မှာ ရာခိုင်နှုန်းပြည့် စိုးမိုးနိုင်အောင် လုပ်ဆောင်နေတယ်လို့ တော်လှန်ရေးအင်အားစု တာဝန်ရှိသူက ပြောပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁ ရက်ကစတင်ပြီး ဖေဖော်ဝါရီ ၂၅ ရက်အထိ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က လက်နက်ချအညံ့ခံသူ ၁၄ ယောက်၊ သေဆုံးသူ အေယာက် ၃၀ ရှိပြီး အများအပြား ဒဏ်ရာရရှိခဲ့ပါတယ်။
ဒါ့အပြင် လက်နက်မျိုးစုံ ၄၆ လက်နဲ့အတူ ခဲယမ်းတွေကို KNLA၊ ပူးပေါင်းတပ်ဖွဲ့တွေက သိမ်းပိုက်ရရှိခဲ့ပါတယ်။
အောင်ခန့်