ထိုင်းမြောက်ပိုင်း၊ ချင်းမိုင်ခရိုင် ဖန်မြို့နယ် မြန်မာနယ်စပ်အနီးမှာ မူးယစ်ဆေး ဘိန်းဖြူ ၅၉၆ တောင့်နဲ့ အိုက်စ်မူးယစ်ဆေး ၃၀၉ ကီလိုဂရမ် ဖမ်းဆီးရမိတယ်လို့ မယ်ဆိုင်ဒေသတွင်းသတင်းမှာ ဖော်ပြပါတယ်။
ဖန်မြို့နယ် မယ်ခအုပ်စု ဟွေ့ခိုက်ကျေးရွာရှိ အိမ်ဝင်းတခုထဲက ပြောင်းဖူးကျီထဲမှာ မသင်္ကာဖွယ်အိတ်တွေ တွေ့ရှိကြောင်း သတင်းပေးပို့ချက်အရ တာဝန်ရှိသူတွေဟာ အဲဒီနေရာကို မတ် ၅ ရက် ညနေ ၄ နာရီကျော်က သွားရောက်စစ်ဆေးခဲ့ပါတယ်။
စစ်ဆေးချက်အရ ပြောင်းဖူးကျီထဲမှာ မူးယစ်ဆေးဝါးတွေပါတဲ့ မြွေရေခွံအိတ်တွေ တွေ့ရှိခဲ့ ကြောင်း၊ အထဲမှာ ဟီးရိုးအင်း ၅၉၆ တောင့်နဲ့ အိုက်စ်မူးယစ်ဆေး အလေးချိန် ၃၀၉ ကီလိုဂရမ် ပါရှိတယ်လို့ တာဝန်ရှိသူက သတင်းထောက်ကို ပြောပါတယ်။
အဆိုပါအထုတ်တွေကို အမျိုးသား ၂ ဦးက ကားနဲ့လာရောက်ထားသွားကြောင်း၊ ချင်းမိုင်နဲ့ ထိုင်းနိုင်ငံအတွင်းပိုင်းကို ဆက်လက်ပို့ဆောင်ဖို့ အဲဒီမှာခဏလာထားတာလို့ သိရှိပြီးတဲ့နောက် ကွင်းစတွေ လိုက်လံစုံစမ်းစစ်ဆေးရာမှာ ချင်းမိုင်မြို့ ဆုထိပ်ရပ်ကွက်နေ အသက် ၃၈ နှစ်ရွယ် အမျိုးသား ၁ ဦးနဲ့ ဖန်မြို့ ဝိန်းရပ်ကွက်နေ ၃၅ နှစ်ရွယ် ထိုင်းအမျိုးသား ၂ ဦးတို့ကို သူတို့ မူးယစ်ဆေးသယ်ဆောင်ခဲ့တဲ့ အဖြူရောင်တိုယိုတာဟိုင်းလပ်စ်ကား ၁ စီးနဲ့အတူ ဖမ်းမိတယ်လို့ ဆိုပါတယ်။
မူးယစ်ဆေးဝါး အချီကြီးမိတဲ့အတွက် ဗဟိုမူးယစ်ဆေးဝါးနှိမ်နင်းရေးရဲတပ်ဖွဲ့ တာဝန်ရှိသူ ကိုယ်တိုင် ထိုင်းမြောက်ပိုင်းကိုတက်လာပြီး သတင်းစာရှင်းပွဲပြုလုပ်သွားမယ်လို့ Maesaipress သတင်းမှာ ဖော်ပြသွားပါတယ်။
Source: Maesai press