ပါကစ္စတန်နိုင်ငံ ဒေသတချို့မှာ ဆီးနှင်းနဲ့ မိုးတွေ သည်းထန်စွာ ရွာသွန်းမှုကြောင့် ပြီးခဲ့တဲ့ ၅ ရက်အတွင်း အနည်းဆုံး လူ ၃၅ ဦး သေဆုံးပြီး ဒါဇင်နဲ့ချီ ဒဏ်ရာရရှိခဲ့ကြောင်း ခိုင်ဘာပက်တွန်ခွာပြည်နယ်မှ ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအာဏာပိုင် (PDMA) က မတ်လ ၄ ရက်မှာ ထုတ်ပြန်ပါတယ်။
ဆီးနှင်းတွေက ၆ ပေ၊ ၇ ပေ လောက် ကျဆင်းခဲ့ပြီး လမ်းသွားဖို့ အခက်အခဲတွေ ကြုံရသလို လျှပ်စစ်မီးနဲ့ တယ်လီဖုန်းလိုင်းတွေ ပြတ်တောက်သွားခဲ့ပါတယ်။
မတ်လ ၆ ရက် ဒီနေ့တော့ ဓာတ်အားပြန်လည်ရရှိခဲ့ပေမဲ့ လာလိုက်၊ ပျက်လိုက် ဖြစ်နေသေးတယ်လို့ ဒေသခံ ဇာရေမန်က ပြောပါတယ်။
ကရာချိမြို့ရှိ ပါကစ္စတန်မိုးလေဝသဌာနမှ မိုးလေဝသပညာရှင် ဒေါက်တာဆာဒါ ဆာဖာရက်ဇ်ကတော့ မတ်လမှာ ပြင်းထန်တဲ့ ရာသီဥတုက ရှားရှားပါးပါးဖြစ်ပြီး ရာသီဥတု ဖောက်ပြန်မှုက အတိုင်းအတာတခုအထိ ရှိတယ်လို့ ရိုက်တာသတင်းဌာနကို ပြောပါတယ်။
အခုဆို ရာသီဥတုပြောင်းလဲမှုကြောင့် ပြင်းထန်တဲ့ မိုးလေဝသဖြစ်စဉ် အကြိမ်ရေ တိုးလာပြီး အခြေခံအဆောက်အအုံတွေလည်း ပိုအားနည်းလာတာကြောင့် ရာသီဥတုဒဏ်ခံနိုင်တဲ့ အခြေခံအဆောက်အဦတွေ၊ ကောင်းမွန်တဲ့ ကြိုတင်သတိပေးစနစ်နဲ့ ပြည်သူတွေအကြား အသိပညာတွေ တိုးမြင့်လာဖို့ လိုအပ်တယ်လို့လည်း ဆိုပါတယ်။
၂၀၂၂ ခုနှစ်တုန်းက ပါကစ္စတန်မှာ စံချိန်တင် မုတ်သုံမိုး ရွာသွန်းပြီး ရေကြီးမှုနဲ့ နိုင်ငံရဲ့ မြောက်ဘက် တောင်တန်းရှိ ရေခဲပြင်တွေ အရည်ပျော်မှုကြောင့် လူ ၃၃ သန်းကို ထိခိုက်ခဲ့ကာ လူပေါင်း ၁,၇၀၀ ကျော် သေဆုံးခဲ့ပါတယ်။
နေအိမ်တွေ၊ လမ်းတွေ၊ ရထားလမ်းတွေ၊ တံတားတွေ၊ တိရစ္ဆာန်တွေနဲ့ ကောက်ပဲသီးနှံတွေလည်း ပျက်စီးဆုံးရှုံးခဲ့တဲ့အပြင် ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ ၃၀ ဘီလီယံလောက် ဆုံးရှုံးခဲ့ပါတယ်။
Source/Photo-Reuters