Home
မြန်မာသတင်း
ကျောက်တော်မြို့ကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်
DVB
·
March 5, 2024
kyauk 532024

ရက္ခိုင့်တပ်တော် (အေအေ) သိမ်းပိုက်ထားတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းက ကျောက်တော်မြို့ကို စစ်ကောင်စီက ဂျက်တိုက်လေယာဉ်နဲ့ မတ်လ ၅ ရက် မနက်ပိုင်းမှာ ဗုံးလာကြဲတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဗုံးကြဲချမှုကြောင့် ကျောက်တော်မြို့ လျှပ်စစ်ဓာတ်အားပေးစက်ရုံ အပါအဝင် စိုက်ပျိုးရေးသိပ္ပံကျောင်းတို့ ပျက်စီးခဲ့ပြီး လူငယ်တယောက် ထိခိုက်ဒဏ်ရာ ရရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတဦးက “လျှပ်စစ်စက်ရုံကို အဓိကထားပြီးတော့ ဗုံးလာကြဲတာ၊ ဓာတ်အားပေးစက်ရုံ ပျက်စီးကုန်တဲ့အပြင် အနီးအနားက စိုက်ပျိုးရေးသိပ္ပံကျောင်းက အ‌ဆောက်အအုံတွေ အများစုလည်း ပျက်စီးကုန်တယ်။ ဗုံးလာကြဲတော့ ပေါက်ကွဲသွားတဲ့ အသံကြောင့် ဗုံးခိုကျင်းထဲမှာ ဝပ်နေကြရတယ်” လို့ ပြောပါတယ်။

ဖေဖော်ဝါရီ ၇ ရက်ကတည်းက ကျောက်တော်မြို့ကို အေအေက သိမ်းပိုက်ပြီးနောက်ပိုင်းမှာ စစ်ကောင်စီဘက်ကနေ ဖေဖော်ဝါရီ ၁၁ ရက်ကတည်းက လေကြောင်းနဲ့ လာရောက်ပစ်ခတ်မှုကြောင့် ကျောက်တော်မြို့ပေါ်၊ ပိုက်သည်ရပ်ကွက်မှာလည်း ပြည်သူ ၁၀ ယောက်ကျော် သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့ကြပါတယ်။

စစ်ဘေးရှောင် ဒေသခံတဦးက “ကျနော်တို့မှာ စစ်ဘေးလည်းရှောင်ရ၊ စားရေးသောက်ရေးအတွက်ကလည်း ကုန်ဈေးနှုန်းက မိုးအထိအောင် တက်နေတယ်။ ဒီကြားထဲ အသက်က ဘယ်အချိန်မှာ သေလို့ သေသွားမယ်မှန်းလည်း မသိနိုင်ဘူး။ လေယာဉ်ကြောက်ရ၊ လက်နက်ကြီးကြောက်ရနဲ့ တကယ့်ငရဲကို ‌ရောက်နေတာနဲ့ တူတူပါပဲ” လို့ ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ စစ်‌ရေးအရ ရှုံးနိမ့်နေတဲ့အပြင် ရခိုင်ပြည်နယ်ကိုပါ လက်လွှတ်ဆုံးရှုံးရမယ့် အရေးနဲ့ ကြုံတွေ့နေရတဲ့ စစ်ကောင်စီဟာ အေအေက သိမ်းပိုက်ထားတဲ့ မြို့တွေနဲ့ တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ မြို့တွေမှာလည်း အရပ်ဘက်ပြည်သူတွေကို တိုက်ခိုက်တာတွေ ပြုလုပ်နေပြီး ရခိုင်ပြည်နယ်အတွင်းမှာ စစ်ရာဇဝတ်မှုနဲ့ လူအခွင့်‌အရေး ချိုးဖောက်မှုတွေကို ပေါ်ပေါ်ထင်ထင် ပြုလုပ် ကျူးလွန်နေပါတယ်။

စစ်ကောင်စီရဲ့ လေကြောင်း၊ ရေကြောင်း၊ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ အရပ်သား ပြည်သူတွေကို ပစ်မှတ်ထားပြီး စစ်ရာဇဝတ်မှုတွေနဲ့ အကြမ်းဖက်မှုတွေ ကျူးလွန်နေတဲ့အပေါ် အေအေအနေနဲ့ အသေးစိတ် မှတ်တမ်းတင်ထားပြီးတော့ ကျူးလွန်သူတွေကို ထိရောက်တဲ့ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ပြီး စစ်ခုံရုံးတင်ကာ အပြစ်ပေးသွားမယ်လို့ အေအေရဲ့ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက မတ်လ ၄ ရက် သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ရခိုင်ပြည်တဝန်းမှာ စစ်ကောင်စီက လက်ရှိအချိန်မှာ လေကြောင်းကို ပိုမိုအသုံးပြုပြီးတော့ အရပ်သားပြည်သူတွေကို တိုက်ခိုက်နေပြီး လေကြောင်းအန္တရာယ်ကို အထူးသတိထားကြဖို့နဲ့ လေကြောင်းအန္တရာယ် သတိပေး နှိုးဆော်ချက်တွေကို အထူးသတိပြုဖို့ အေအေက တိုက်တွန်းထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013