ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့ပေါ်မှာ စစ်ကောင်စီတပ်နဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က တရက်တည်းကို လက်နက်ကြီးတွေနဲ့ အကြိမ်ရေ ၄၀ ကျော် ပစ်ခတ်ခဲ့တယ်လို့ မတ် ၅ ရက်မှာ PNLA က သတင်းထုတ်ပြန်ပါတယ်။
စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီနဲ့ လက်အောက်ခံ PNA တပ်သားတွေနဲ့ မတ် ၄ ရက် မနက် ၆ နာရီကနေ ညနေ ၅ နာရီထိ ဆီဆိုင်မြို့ရဲ့ မြောက်ဘက်မှာ တိုက်ပွဲပြင်းပြင်းထန်ထန် ဖြစ်ပွားပြီးတဲ့နောက် စစ်ကောင်စီတပ်က အထိအခိုက်များစွာနဲ့ ပြန်ဆုတ်သွားတယ်လို့ PNLA က ဆိုပါတယ်။
ဆီဆိုင်မြို့အနောက်ဘက် ကုန်းဆွတ်ကျေးရွာမှာ စစ်ရှောင်နေတဲ့ မြို့ခံတဦးက “တနေကုန်ပစ်နေတာ၊ လက်နက်ကြီးက တအုန်းအုန်းနဲ့ မြို့ထဲကို လှမ်းပစ်တာလေ။ အပြန်အလှန် ပစ်ခတ်သံလည်း ကြားတယ်။ လက်နက်ကြီးသံက တော်တော်ကိုဆိုးတာ။ မြို့ပြင် ၃ မိုင်အကွာကနေတောင် ပေါက်ကွဲသံတွေ လက်နက်ကြီးကျတဲ့အသံတွေ ကြားတယ်။ အဲ့ဒါနဲ့ ဒီဘက်က စစ်ရှောင်တွေရော ရွာခံတွေရော ကားတွေနဲ့ ထပ်ပြေးရတယ်” လို့ ပြောပါတယ်။
ဒါ့အပြင် မတ် ၄ ရက် တရက်တည်းမှာပဲ ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသကို ဟိုပုံးမြို့ဘက်ကနေ လက်နက်ကြီးနဲ့ အကြိမ်ရေ ၂၀ ကျော် ပစ်ခတ်ခဲ့ကြောင်း သိရပါတယ်။
ဒါ့အပြင် ဆီဆိုင်မြို့အနောက်ဘက် မဲဟဲရွာဘက်မှာ PNA တပ်နဲ့ PNLA တပ်တွေ မတ် ၅ ရက်ဒီနေ့လည်း တိုက်ပွဲပြင်းထန်နေလို့ ဘန်းနောင်၊ မဲဟဲ၊ ဝိန်းကောင်၊ ဝိန်းကွန်၊ ပန်ကန်းက ကျေးရွာနေ ပြည်သူတွေဟာ ဆိုက်ခေါင်ကျေးရွာဘက်ကို ဆက်လက် စစ်ဘေးတိမ်းရှောင်နေကြရပါတယ်။
ပအိုဝ်းလူငယ်အစည်းအရုံးရဲ့ မတ် ၂ ရက်အထိ ဆီဆိုင်၊ လွိုင်လင်၊ ဟိုပုံး ၃ မြို့နယ်ရဲ့ စစ်ရေးမှတ်တမ်းမှာ လက်နက်ကြီးကြိမ်ရေ ၁,၁၃၅ ကြိမ် ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။