တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ မှော်မိကျေးရွာမှာ မတ ၄ ရက် ည ၈ နာရီခွဲလောက်က မီးလောင်မှု ဖြစ်ပွားခဲ့ပြီး နေအိမ် ၃ လုံး ဆုံးရှုံးခဲ့ပါတယ်။
ဒေသခံတဦးက “ဖယောင်းတိုင်မီး ထွန်းရာကနေ စလောင်တာပါ။ လူတွေရဲ့ ပေါ့ဆမှုကြောင့်ပါ” လို့ ပြောပါတယ်။
မီးလောင်မှုကို ရွာသားတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ပူးပေါင်းပြီး ငြှိမ်းသတ်ခဲ့ရာ ည ၁၂ နာရီခွဲဝန်းကျင်မှာ မီးငြိမ်းသွားခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။
မီးငြှိမ်းသတ်ရာမှာပါတဲ့ ရဲဘော်တဦးက “ကျနော်တို့ ရောက်သွားချိန်ဆို အိမ်နှစ်ဆောင် မီးလောင်သွားပြီး နောက်တအိမ်ကို ကူးနေပြီ။ ကျနော်တို့မှာလည်း လူအင်အားက ၁၅ ယောက်လောက် ပါလာတယ်။ ရွာသားတွေနဲ့အတူတူ ငြှိမ်းလိုက်ရတယ်” လို့ ပြောပါတယ်။
အဆိုပါမီးလောင်မှုကြောင့် လူတွေ ထိခိုက်သေဆုံးတာ မရှိပေမဲ့ နေအိမ် ၃ လုံး မီးထဲပါသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။