ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့တောင်ဘက် ၂ မိုင်ခန့်အကွာ မဲ့ကုရွာ ရပ်ကွက် ၆ မှာ ထိုင်းကျောင်းထိုင်ဆရာတော်တပါးကို အုတ်ခဲနဲ့ ထုသတ်သွားခဲ့တဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမား ကို ဖမ်းဆီးမိပြီလို့ ထိုင်းရဲတပ်ဖွဲ့နဲ့ နီးစပ်သူတဦးက ပြောပါတယ်။
ထိုင်းဆရာတော်အား သတ်ဖြတ်သွားသူကို ထိုင်းရဲတပ်ဖွဲ့က စီစီတီဗွီနဲ့ ခြေရာခံရှာဖွေရာက မတ် ၄ ရက် ည ၁၀ နာရီလောက်မှာ ဖမ်းဆီးနိုင်ခဲ့တာ ဖြစ်ပါတယ်။
မဲ့ကုထိုင်းဘုန်းတော်ကြီးနဲ့ ခင်မင်ရင်းနှီးတဲ့ ရွှေ့ပြောင်းအလုပ်သမား ဝင်းကျော်ဘိုဟာ မတ် ၁ ရက် ညက ဆရာတော်ထံမှ ဘတ်ငွေ ၇၀၀ တောင်းခံတာမှာ ဆရာတော်က မပေးဘဲ ဖုန်းထိုင်သုံးနေစဉ် အနောက်ဘက်ကနေ အုတ်ခဲနဲ့ ပထမ တချက်ထုပြီး ဆရာတော်ထိုင်ခုံကနေ လဲကျစဉ် ၄ ချက် ထပ်ထုခဲ့တဲ့အတွက် ပျံလွန်သွားခဲ့ကြောင်း၊ အဲဒီနောက် ဆရာတော်ရဲ့ အခန်းထဲက ဘတ်ငွေ ၃,၅၀၀ ဘုရားပုံတော် ၁၂ ဆူ ယူကာ ပါလာတဲ့ စက်ဘီးနဲ့ တိမ်းရှောင်သွားကြောင်း တရားခံက ထွက်ဆိုထားပါတယ်။
ဆရာတော်ဟာ ဘယ်သူ့ကိုမဆို စိတ်ကောင်းစေတနာကောင်းနဲ့ ကူညီပေးသူဖြစ်ပြီး ဒီလို ပျံလွန်သွားတာဟာ အစားထိုးမရတဲ့ ဆုံးရှုံးမှုဖြစ်တယ်လို့ မဲ့ကုထိုင်းရပ်ကွက်နေသူ တဦးက ပြောပါတယ်။
ဆရာတော်ရဲ့ဆွေမျိုးတဦးက “ပြစ်မှု ကျူးလွန်သူကို သေဒဏ်ပေးသင့်တယ်။ ဘာကြောင့်လဲ ဆိုတော့ ဒါလူမဆန်ဘူးလေ။ အမေ အဖေသတ်တာရယ်၊ ဘုန်းတော်ကြီးကို သတ်တဲ့ သူရယ်။ ဒါတွေက သေဒဏ်သာ ပေးလိုက်ရမယ်” လို့ ပြောပါတယ်။
ဝင်းကျော်ဘိုအား ဆရာတော်ဆီက ယူဆောင်သွားတဲ့ ထိုင်းဘတ် ၃၅၀၀၊ ဆင်းတုတော်တွေနဲ့အတူ ဖမ်းဆီးနိုင်ခဲ့ပြီး တရားဥပဒေအတိုင်း အရေးယူသွားမယ်လို့ တာခ်ရိုင် ခရိုင်ရဲမှူးကြီးက ပြောပါ တယ်။