Home
နိုင်ငံတကာ
တောင်တရုတ်ပင်လယ်အရေး၌ မည်သည့်ဘက်မှ မရပ်တည်ဟု စင်ကာပူ ပြော
DVB
·
March 5, 2024
Singapore South China Sea_05032024

စင်ကာပူနိုင်ငံဟာ တောင်တရုတ်ပင်လယ်အရေးမှာ ဘယ်ဘက်ကမှ မရပ်တည်ထားဘူးလို့ စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းက မတ်လ ၅ ရက်က ဩစတြေးလျ-အာဆီယံ အထူးထိပ်သီးအစည်းအဝေး ကျင်းပနေတဲ့ မဲလ်ဘုန်းမြို့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

သင်္ဘောနဲ့ ကူးသန်းရောင်းဝယ်ရေးမှာ နှစ်စဉ် အမေရိကန် ဒေါ်လာ ၃ ထရီလီယံကျော်တန် ပင်လယ်ရေကြောင်းလမ်းဖြစ်တဲ့ တောင်တရုတ်ပင်လယ် တခုလုံးနီးပါးကို တရုတ်နိုင်ငံက သူ့အပိုင်ဆိုပြီး အခိုင်အမာ ပြောကြားနေတာပါ။

တောင်တရုတ်ပင်လယ်ထဲက တချို့နေရာအပိုင်းတွေကို ဖိလစ်ပိုင်၊ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ မလေးရှားနဲ့ ဘရူနိုင်းတို့ အပါအဝင် အာဆီယံအဖွဲ့ဝင် နိုင်ငံတချို့က သူတို့နိုင်ငံရဲ့ ရေကြောင်းပိုင်နက် အသီးသီးဖြစ်ကြောင်း သက်သေထူ ပြောကြားကြပါတယ်။

၂၀၁၆ ခုနှစ်က အမြဲတမ်း ခုံသမာဓိရုံးဟာ တရုတ်နိုင်ငံရဲ့ ပြောဆိုချက်တွေက ဥပဒေအရ မရှိထားကြောင်း စီရင်ချက် ချခဲ့ပါတယ်။

အဲဒီ အခိုင်အမာ ပြောဆိုချက်တွေဟာ သူတို့ရပ်တည်တဲ့နေရာပေါ် မူတည်ပြီး ကွဲပြားတာကြောင့် စင်ကာပူက ဘယ်ပြောဆိုချက်ပေါ်ကိုမှ မရပ်တည်ထားဘဲ နိုင်ငံတကာဥပဒေနဲ့ လွတ်လပ်စွာ ရေကြောင်းသွားလာမှုအပေါ် ခိုင်မာတဲ့အမြင်ရှိကြောင်း အကြိမ်ကြိမ် ပြောကြားခဲ့တာဖြစ်ကြောင်း လီရှန်လွန်းက ပြောပါတယ်။

သြစတြေးလျဝန်ကြီးချုပ် အန်တိုနီ အယ်လ်ဘန်နီကလည်း ဒါဟာ အရေးကြီးတဲ့ ရေလမ်းဖြစ်ပြီး လွတ်လပ်စွာ ရေကြောင်းသွားလာမှုကိုလည်း ပံ့ပိုးပေးနေတာဖြစ်ပြီးတော့ နိုင်ငံတကာဥပဒေ ကျင့်သုံးမှုကိုလည်း ထောက်ခံကြောင်း ပြောဆိုပါတယ်။

တရုတ်နိုင်ငံအပေါ် သူတို့ရဲ့ရပ်တည်ချက်ဟာ တသမတ်တည်း ရှိနေဆဲဖြစ်ပြီး တတ်နိုင်သမျှ ပူးပေါင်းဆောင်ရွက်လိုတဲ့သဘော ဖြစ်ကြောင်းနဲ့ အမျိုးသားအကျိုးစီးပွားအတွက် အမြဲတမ်း ပါဝင်ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့လည်း ပြောသွားခဲ့ပါတယ်။

Source/Photo-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013