စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် တောင်ပိုင်းက တိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှုတွေ များနေတယ်လို့ တော်လှန်ရေးအင်အားစုတွေက မတ်လ ၅ ရက်မှာ ဒီဗွီဘီကို ပြောပါတယ်။
မတ်လ ၄ ရက်က မှန်တောရွာတိုက်ပွဲနဲ့ မတ်လ ၂ ရက် ထိုမာရွာအနီးတိုက်ပွဲမှာ စစ်ကောင်စီဘက်က ၁၅ ဦးဝန်းကျင် ကျဆုံးပြီး လက်နက်ခဲယမ်းတွေကိုလည်း သိမ်းဆည်းရမိထားတယ်လို့ အမှတ် ၁ စစ်ဒေသနဲ့ ကလေး PDF တပ်ဖွဲ့ဘက်က ပြောပါတယ်။
ကလေး PDF တပ်ဖွဲ့ဝင်တဦးက “ထိုမာရွာနဲ့ သာယာကုန်းကြား ထိတွေ့ဖြစ်တာ။ အဲ့မှာ ပျူတွေများများသေတာဗျ။ အဲ့တိုက်ပွဲမှာတော့ ၈ ဦးကျတယ်၊ ၂၀ ဝန်းကျင်လောက် ဒဏ်ရာရတယ်။ မှန်တောကနေ သူတို့က ကဘနီဘက်ကို ထွက်ခဲ့တာ၊ တိုက်ပွဲဖြစ်တာ၊ သူတို့ဘက်က ၇ ဦးကျတယ်။ သူတို့ဘက် အကျများတော့ စစ်ကြောင်းလည်း ပြန်ဆုတ်သွားတယ်” လို့ ပြောပါတယ်။
အဲ့ဒီတိုက်ပွဲတွေအတွင်းမှာ ဒေသခံကာကွယ်ရေးပူးပေါင်းတပ်ဘက်က ထိခိုက်ကျဆုံးမှု မရှိဘူးလို့လည်း ဆိုပါတယ်။
တိုက်ပွဲအခြေအနေတွေနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်လေ့ မရှိပါဘူး။
ဖေဖော်ဝါရီ ၂၁ ရက်က စတင်ပြီး ကလေးမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ဒေသခံ ကာကွယ်ရေးတပ်တွေကြား တိုက်ပွဲတွေ နေ့စဉ်ဆက်ရှိနေပြီး တိုက်ပွဲတွေအတွင်း နှစ်ဖက်ထိခိုက်ကျဆုံးမှုတွေနဲ့ အရပ်သားသေဆုံးမှုတွေလည်း ရှိနေပါတယ်။
စစ်ကိုင်းတိုင်း၊ ညောင်ပင်ဝန်းရွာနဲ့ ထီးဆောင်းကြားမှာ မတ် ၄ ရက် မနက် ၉ နာရီခွဲက စစ်ကောင်စီကားတစီး မိုင်းဆွဲခံရတယ်လို့ ညောင်ပင်ဝန်းဒေသခံ မျက်မြင်တွေ့သူတွေက ပြောပါတယ်။
စစ်ကိုင်း-မုံရွာသွား ကားလမ်းမပေါ်မှာ စစ်ကောင်စီကားတစီး မိုင်းဆွဲခံရတာလို့ ဒေသခံတွေက ဆိုပါတယ်။
ဒေသခံရွာသားတဦးက “ကားက ပျက်တာလား၊ ရပ်ထားတာလားတော့ မသိဘူး။ မိုင်းဆွဲခံရပြီး လမ်းဘေး ကားရပ်ထားပြီး ခရီသွားလာတဲ့သူတွေကို စစ်ဆေးတာတွေလုပ်တယ်။ ဒဏ်ရာရတဲ့ စစ်သားတချို့လည်း ဆေးထည့်၊ ပတ်တီးစည်းနေတာလည်း မြင်ရတယ်” လို့ ပြောပါတယ်။
အခုတိုက်ပွဲကို မြင်းခြံခရိုင်တပ်ရင်း ၇ zero ပြောက်ကျားတပ်ဖွဲ့နဲ့ ကျောက်ဆည်ခရိုင်တပ်ရင်း ၂ တပ်ခွဲ ၂ KDDF ပူပေါင်းမဟာမိတ်အဖွဲ့က မိုင်းဆွဲခဲ့တာလို့ ပြည်သူ့ကာကွယ်ရေး ခေါင်းဆောင်တွေက ပြောပါတယ်။
“စစ်ကိုင်း တပ်မ ၃၃ ကနေ ထွက်လာတဲ့ စစ်ကောင်စီကားကို ပဒေသာမိုင်းတွေနဲ့ နေရာနှစ်ေနရာကနေ ကြိုတင်စောင့်ပြီး မိုင်းဆွဲခဲ့တာပါ။ စစ်(--)က ၃ ကောင်ေသပြီး ၈ ဦး ဒဏ်ရာရရှိတယ်လို့ မြင်းခြံခရိုင်တပ်ရင်း ၇ zero ပြောက်ကျားတပ်ဖွဲ့ရဲ့ တပ်ရင်းမှူး ကိုသက်ကြီးက ပြောပါတယ်။
စစ်ကိုင်းအတွင်း မြို့နယ်အများစုမှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ တိုက်ပွဲပြင်းထန်ဖြစ်ပွားနေပြီး ဒေသခံ အရပ်သားအများစု နေရပ်စွန့်ခွာ ထွက်ပြေးနေကြရတယ်လို့လည်း သိရပါတယ်။