Home
ဆောင်းပါး
ထိုင်းပါလီမန်မှာကျင်းပတဲ့ မြန်မာအရေး ညှိနှိုင်းဆွေးနွေးပွဲ
DVB
·
March 5, 2024
ArticleHlaSoeWai_05032024

စစ်မြေပြင်တွင် ၎င်း၏တပ်များ နေ့စဉ်လို အလဲလဲ အပြိုပြို ဖြစ်လာနေကာ ၁၉၅၀ ကျော်နှစ်များ နောက်ပိုင်းကစ၍ စစ်တပ်သမိုင်းတွင် အဆိုးဝါးဆုံး ရှုံးနိမ့်မှုများ ရင်ဆိုင်နေရသော မင်းအောင်လှိုင်၏ ကာကွယ်ရေးဦးစီးချုပ် ဘဝသည် ဂုဏ်သိက္ခာ ကျဆင်းလာနေပြီ ဆိုသည့် အဖြစ်က မည်သို့မျှ လျှောက်လဲချက်ပေး၍မရသော သမိုင်းတွင် ကျန်ရစ်တော့မည့် ဖြစ်စဉ်ကြီးလည်း ဖြစ်နေပေပြီ။

ယင်းကို ပို၍ ထင်ရှားသွားစေခဲ့သည်က ဇန်နဝါရီ ၁၆ ရက်နေ့က ပြင်ဦးလွင်တွင် ပြုလုပ်သော စစ်တပ်ထောက်ခံပွဲတွင် တက်ရောက်လာသူများက ၎င်းအား နုတ်ထွက်ပေးရန် ဝိုင်းဝန်း တောင်းဆိုလာကြခြင်းပင် ဖြစ်သည်။

တပ်ထဲတွင်လည်း စစ်ဘက်အရာရှိကြီးများကပင် နောက်ကွယ်တွင် ဆဲဆို ရေရွတ်ခံနေရသူလည်း ဖြစ်ပြီး ရန်သူများက နေ့စဉ်လို တိုး၍လာနေပြီး အာဏာသိမ်းအဖွဲ့အတွက် အောက်ဆုံးအဆင့် ရောက်နေသော အခြေအနေဟု ဂျပန်အခြေစိုက် The Diplomat မဂ္ဂဇင်းတွင် မျက်နှာဖုံးဆောင်းပါးအဖြစ် ဖွဲ့နွဲ့ ရေးသားထားသည်။

နောက်ထပ် ရန်သူအဖြစ် ထပ်တိုးသွားစေသည်က ထိုင်းပါလီမန်အမတ်များ ဦးဆောင်၍ “အာဏာသိမ်းပြီး သုံးနှစ်အကြာ” ခေါင်းစဉ်ဖြင့် စနေနေ့တွင် ဆွေးနွေးပွဲ ပြုလုပ်လာခဲ့ခြင်းပင် ဖြစ်သည်။ ထိုဆွေးနွေးပွဲသို့ အမျိုးသားညီညွတ်ရေးအစိုးရမှ အဆင့်မြင့်ပုဂ္ဂိုလ်များ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ အာဏာသိမ်းအဖွဲ့ကိုပါ ဖိတ်ကြားခဲ့သည်။

ထိုဆွေးနွေးပွဲအား နှစ်ရက်ကြာ ကျင်းပမည်ဖြစ်ပြီး ပဋိပက္ခတွင် ပါဝင်သူများ မျက်နှာချင်းဆိုင် တွေ့ဆုံဖြစ်ရန် ပထမခြေလှမ်းဖြစ်ပြီး ရေရှည်တည်တံ့မည့် ငြိမ်းချမ်းရေးဆီသို့ ဦးတည်စေရန် ရည်ရွယ်သည်ဟု ဆွေးနွေးပွဲအား ကမကထလုပ်သူ ထိုင်း အောက်လွှတ်တော်အမတ်နှင့် ရှေ့သို့ချီ ပါတီ၏ လက်ထောက် အထွေထွေအတွင်းရေးမှူးချုပ်လည်း ဖြစ်သည့် Rangsiman Rome က ထုတ်ဖော်ပြောဆိုခဲ့သည်။

သို့ဖြစ်၍လည်း အာဏာသိမ်းအဖွဲ့သည် ပါဝင်ဖို့ နေနေသာသာ ထိုလုပ်ရပ်သည် ထိုင်း-မြန်မာ ဆက်ဆံရေးကို အပျက်သဘောသို့ သက်ရောက်စေနိုင်၍ ဖျက်သိမ်းပေးရန်နှင့် အပြင်းအထန် ကန့်ကွက်ကြောင်း စာရေးသား ပေးပို့လာခဲ့သည်အထိ မိုက်မဲလာခဲ့သည်။

မင်းအောင်လှိုင်သည် မည်သို့သော နိုင်ငံရေးဖြေရှင်းချက်မှ ထွက်ပေါ်လာမည့် ရလဒ်မှန်သမျှသည် ၎င်းအတွက် နေရာမရှိတော့ ဆိုသည်ကိုလည်း ကောင်းစွာ သဘောပေါက်ထားပြီး ဖြစ်သည်။

ဤသည်ကိုကြည့်ခြင်းဖြင့် ၎င်းတို့သည် လက်ရှိ ပဋိပက္ခကြီးအား နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရန် မကြိုးစားဘဲ စစ်ရေးဖြင့် အနိုင်ယူသွားရန် ဆုံးဖြတ်ထားဆဲဖြစ်သည် ဆိုသည်က နိုင်ငံတကာကလည်း ကောင်းစွာ သဘောပေါက်သွားအောင် ထိုင်းပါလီမန်တွင်း ဆွေးနွေးပွဲက သက်သေပြလိုက်ပြီ ဖြစ်သည်။ ထိုသို့ ပဏာမသဘောဆောင်သည့် ဆွေးနွေးပွဲအဆင့်ကိုပင် ကန့်ကွက်နေကြပြီ ဖြစ်သည်။ မြန်မာနိုင်ငံတွင်း ပဋိပက္ခသည် မည်သို့မျှ အဆုံးသတ်ရန် အလားအလာမရှိဟု နိုင်ငံတကာက ယူဆထားကြ၍ ပြီးပြီးရော ပြေလည်ရာ ပြေလည်ကြောင်းဘက်သို့သာ တွန်းအားပေးနေ၍ ပြည်သူများအနေဖြင့် မိမိတို့အရေးကိုသာ မိမိတို့ ရုန်းကန် တွန်းလှန် ဖြေရှင်းကြရတော့မည် ဖြစ်သည်။

မင်းအောင်လှိုင်နှင့် မိသားစုကတော့ ၎င်းတို့အတွက် မှုစရာမဟုတ်ဟု ယူဆကာ တိုင်းပြည်စီးပွားရေးကို လက်ဝါးကြီးအုပ်သည်ထက် အုပ်လာနေပြီ ဖြစ်သည်။

ဗိုလ်ချုပ်ကြီးများကလည်း မင်းအောင်လှိုင်အား ကွယ်ရာတွင် “ကန်ထရိုက်တာ” ဟုပင် အမည်ပေး ခေါ်ဆိုလာကြပြီး မတရား လောဘကြီးလွန်လှသည့် အာဏာရှင်ဟု ယူဆထားကြပြီး ဖြစ်သည်ဟု ဧရာဝတီတွင် ရေးသားထားသည်။

သားဖြစ်သူကလည်း စစ်မြေပြင်တွင် ၎င်းတို့အတွက် အသက်စွန့် တိုက်ခိုက်ပေးနေရသည့် စစ်သည်များ၏ အသက်အပေါ်တွင်ပင် အာမခံထား အမြတ်ထုတ်ခြင်း၊ စစ်တပ်နှင့် ပတ်သက်သော လုပ်ငန်းမှန်သမျှ ဆောက်လုပ်ရေး၊ ကုန်ကြမ်းသွင်း၊ ဆေးရုံခုတင်များ သွင်းခြင်း အစရှိသည့် လုပ်ငန်းမှန်သမျှ သားဖြစ်သူ၏ Authentic Group of Companies အမည်ပေး ဖွဲ့စည်းထားသည့် ကုမ္ပဏီခွဲများက တာဝန်ယူထားပြီး ဖြစ်သည်။

ဤသည်ကလည်း ၂၀၁၄ တွင် ၎င်း၏ လူယုံဖြစ်သူ ညိုစောအား စစ်ထောက်ချုပ်အဖြစ် ခန့်အပ်လာပြီးနောက်တွင် ၎င်း၏ပံ့ပိုးပေးမှုဖြင့် တဟုန်ထိုး ကြီးပွားလာခဲ့ခြင်း ဖြစ်သည်။

မင်းအောင်လှိုင်သည် တပ်ရင်း တပ်ဖွဲ့များ၊ စက်ရုံ အလုပ်ရုံများသို့ လှည့်လည်စစ်ဆေးရန် ရောက်လာသည့်အခါတိုင်း ဒီအဆောက်အအုံ မကောင်းတော့၊ အသစ်ဆောက်ရမည်၊ ဒီဟာပြင်ရမည်၊ ဒီပစ္စည်းလိုသည်ဟု ပြောလေ့ရှိပြီး လိုက်လံမှတ်သားကြသူများကလည်း တာဝန်သိစွာဖြင့် ၎င်း၏သားဖြစ်သူ ပိုင်သော ကုမ္ပဏီများအား ကန်ထရိုက်ချပေးကြရသည်ဟု စီဒီအမ် စစ်ဘက်အရာရှိတဦးက ပြောပြခဲ့သည်။

ရန်ကုန် မင်္ဂလာဒုံရှိ ခုတင် ၁,၀၀၀ ဆံ့ စစ်ဆေးရုံ၏ အမျိုးသမီး လေးထပ်ဆောင်အား Authentic မှ တာဝန်ယူ ဆောက်လုပ်ပေးခဲ့သော်လည်း တနှစ်မပြည့်ခင်မှာပင် ယိုယွင်းပျက်စီးလာသော်လည်း မည်သူမျှ မပြောရဲ မဆိုရဲ ဖြစ်နေကြသည်ဟု အဆိုပါအရာရှိက ဆိုသည်။

မြန်မာနိုင်ငံတွင်း လူငယ်များအား မဖြစ်မနေ စစ်မှုထမ်းရမည် ဆိုကာ ဥပဒေဖြင့် အတင်းအကျပ် လုပ်လာသည်ကို အရေးယူပေးရန် အရပ်ဘက် အဖွဲ့အစည်းပေါင်း ၃၉၇ ဖွဲ့မှ လက်မှတ်ထိုးကာ ကုလလုံခြုံရေးကောင်စီသို့ တင်ပြခဲ့သည်။

မြန်မာစစ်ခေါင်းဆောင်များသည် ၎င်းတို့ကျူးလွန်နေသော စစ်ရာဇဝတ်မှုများအတွက် တာဝန်ခံနိုင်အောင် မလုပ်နိုင်သရွေ့ ဒေသတွင်း ငြိမ်းချမ်းရေးသည် အလှမ်းကွာနေဦးမည်သာ ဖြစ်သည်ဟုလည်း ထောက်ပြထားခဲ့သည်။

ပြည်သူတို့၏ ခုခံတွန်းလှန်စစ် မုချအောင်ရမည်!!!

လှစိုးဝေ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013