Home
မြန်မာသတင်း
စစ်တပ်လက်နက်ကြီးကြောင့် မှော်ဝမ်းရပ်ကွက်ကနေအိမ်ပျက်စီး၊ ရွှေကူတွင် စစ်ကောင်စီတပ်ကို KIA ပူးပေါင်းတပ် တိုက်ခိုက်
DVB
·
March 5, 2024
bomb 532024

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ မတ် ၄ ရက် မနက်ပိုင်းက စစ်ကောင်စီတပ် ပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် နေအိမ် ၁ လုံး ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မှော်ဝမ်းရပ်ကွက် ကျေးဇူးတော် ဘော်ဒါဆောင်အနီးရှိတဲ့ နေအိမ်တလုံးပေါ်ကို လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့တာလို့ ဆိုပါတယ်။

ဒေသခံတဦးက “မနက်ကတည်းက လက်နက်ကြီးနဲ့ လှမ်းပစ်လိုက်၊ လက်နက်ငယ်နဲ့ပစ်လိုက် လုပ်နေတာ။ မနက် ၉ နာရီလောက်မှာ ကျေးဇူးတော်ဘော်ဒါ အရှေ့က နေအိမ်ပေါ် လက်နက်ကြီးကျည် ကျတယ်။ အိမ်ပေါ်တည့်တည့်ကျရင်တော့ လူထိခိုက်နိုင်တယ်။ ဘေးနားက ရေကန်နားကျလို့ ပစ္စည်းတွေပဲ ထိခိုက်ပျက်စီးသွားတယ်” လို့ ပြောပါတယ်။

ဖားကန့်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်မြောက်ရေးတပ် (KIA) တို့ စစ်ရေးတင်းမာပြီး တိုက်ပွဲတွေဖြစ်နေလို့ စစ်ကောင်စီတပ်က လူနေရပ်ကွက်တွေအတွင်းကို လက်နက်ကြီးနဲ့ ရမ်းသန်းပစ်ခတ်မှုတွေ ပြုလုပ်နေတာပါ။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၇ ရက် မနက်ပိုင်းကလည်း စစ်ကောင်စီတပ်ပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် မှော်ဝမ်းကျေးရွာက အသက် ၆၀ ကျော်အရွယ် အမျိုးသားတဦး ထိခိုက်သေဆုံးခဲ့ပြီး နေအိမ်အဆောက်အဦတွေလည်း ပျက်စီးခဲ့ပါသေးတယ်။

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်အင်အား ၁၀၀ နီးပါးကို မတ် ၃ ရက် မနက်မှာ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့က ကြားဖြတ် တိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။

တော်လှန်ရေးတပ်ဖွဲ့နဲ့ နီးစပ်သူတဦးက “ရွှေကူဘက်ကနေ အင်အား ၈၀ ကျော် ၁၀၀ နီးပါး ခြေလျင် စစ်ကြောင်းထိုးလာတယ်။ အဲ့ဒါကို လမ်းကူးကျေးရွာနားက ကျောက်ကွင်းစခန်း (ဒေသအခေါ်) နားမှာ KIA နဲ့ တော်လှန်ရေးပူးပေါင်းအဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တာ” လို့ ပြောပါတယ်။

စစ်ကောင်စီစစ်ကြောင်းကို ကချင်လွတ်မြောက်ရေးတပ် (KIA) က ကြားဖြတ်တိုက်ခိုက်ရာမှ တိုက်ပွဲဖြစ်ပွားပြီး ပြန်လည်ဆုတ်ခွာသွားတဲ့ အဲဒီစစ်ကြောင်းကို ညနေပိုင်းမှာ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့က ထပ်မံတိုက်ခိုက်ခဲ့ပါသေးတယ်။

ရွှေကူမြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲဖြစ်စဉ်နဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က အထိနာလို့ ပြန်လည်ဆုတ်ခွာသွားခဲ့ပေမဲ့ နှစ်ဖက်ထိခိုက်သေဆုံးမှုကိုတော့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေက ထုတ်ပြန်တာ မရှိသေးပါဘူး။

ရွှေကူမြို့နယ်အတွင်းက KPDF နယ်မြေအတွင်း စစ်ကောင်စီတပ်အနေနဲ့ စစ်ရေးလှုပ်ရှားမှုတွေ ဆက်လက်ပြုလုပ်လာပါက ရွှေကူ KPDF တပ်ရင်းက ပြင်းထန်စွာ ထိုးစစ်ဆင် တိုက်ခိုက်မှုတွေ ပြုလုပ်မှာဖြစ်ပြီး ဖြစ်ပေါ်လာတဲ့ နောက်ဆက်တွဲပြဿနာတွေကို တာဝန်ယူသွားရမယ်လို့ ရွှေကူ KPDF တပ်ရင်းက မတ် ၃ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013