ဖိလစ်ပိုင်က တရုတ်နဲ့ ပူးပေါင်းဆောင်ရွက်မှာ ဖြစ်ပေမဲ့ တောင်တရုတ်ပင်လယ်ဆိုင်ရာ အချုပ်အခြာအာဏာ၊ အချုပ်အခြာဆိုင်ရာ အခွင့်အရေးနဲ့ အုပ်ချုပ်စီရင်ပိုင်ခွင့်တို့ကို လျစ်လျူရှုခံရရင် ပြန်ဆန့်ကျင် တွန်းလှန်သွားမယ်လို့ ဖိလစ်ပိုင်သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာက မတ်လ ၄ ရက်မှာ ပြောလိုက်ပါတယ်။
၂၀၂၂ ခုနှစ်မှာ မားကို့စ် အာဏာရပြီးကတည်းက အိမ်နီးချင်း ဖိလစ်ပိုင်နဲ့ တရုတ်တို့ကြား ဆက်ဆံရေး အဆင်မပြေ ဖြစ်ခဲ့တာပါ။
ဖိလစ်ပိုင်အစိုးရက ကာလရှည် စစ်ရေးမဟာမိတ် အမေရိကန်နဲ့ ပိုနီးကပ်တဲ့ ကာကွယ်ရေးဆိုင်ရာ ဆက်ဆံရေးတွေ ခိုင်မာအောင် ကြိုးပမ်းချိန်မှာ တောင်တရုတ်ပင်လယ် အတွင်း အငြင်းပွားစရာ ဖြစ်ရပ်တွေ ထပ်ခါတလဲလဲ ပေါ်ပေါက်ခဲ့တာပါ။
ဒါကြောင့် ဩစတြေးလျနိုင်ငံမှာ ကျင်းပတဲ့ အာဆီယံ-ဩစတြေးလျ ထိပ်သီးညီလာခံအတွင်း မားကို့စ်က ပြိုင်ဘက် စူပါ ပါဝါ ၂ နိုင်ငံဖြစ်တဲ့ အမေရိကန်နဲ့ တရုတ်ကြားမှာ ဒေသတွင်း တခြားနိုင်ငံတွေရဲ့ ပင်လယ်ရေကြောင်း အကျိုးစီးပွားအကြောင်း အလွန်အသားပေး ပြောဆိုခဲ့ပါတယ်။
တရုတ်ကတော့ တောင်တရုတ်ပင်လယ် တခုလုံးနီးပါးကို ပိုင်တယ်လို့ အခိုင်အမာ ပြောနေခဲ့တာပါ။
ဖိလစ်ပိုင်ကိုလည်း တရုတ်ပိုင်နက်ကို ထပ်ခါတလဲလဲ ကျူးကျော်ဝင်ရောက်သူလို့ စွပ်စွဲရင်း မတော်တဆ ထိခိုက်မိတဲ့ ကိစ္စတွေကို ဟန့်တားရေး ဆွေးနွေးဖို့ တိုက်တွန်းနေခဲ့ပါတယ်။
Source/Photo-Reuters