ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့ကို အပြီးသတ် သိမ်းပိုက်လိုက်ပြီလို့ မတ် ၄ ရက်နေ့မှာ ရက္ခိုင့်တပ်တော် (အေအေ)က ထုတ်ပြန်ပါတယ်။
ပုဏ္ဏားကျွန်းမြို့က စစ်ကောင်စီရဲ့ တခုတည်းကျန်ရှိနေတဲ့ ခမရ ၅၅၀ တပ်ရင်းကို စစ်ကောင်စီရဲ့ လေကြောင်း၊ ရေကြောင်း၊ လက်နက်ကြီး အပြင်းအထန် တိုက်ခိုက်နေတဲ့ ကြားကနေ အပြီးသတ် သိမ်းပိုက်ပြီးနောက်ပိုင်း ပုဏ္ဏားကျွန်းမြို့ကိုပါ သိမ်းပိုက်နိုင်ခဲ့ပြီလို့ အေအေရဲ့ ထုတ်ပြန်ချက်မှာ ဆိုပါတယ်။
ပုဏ္ဏားကျွန်းမြို့ကို လက်လွှတ်ဆုံးရှုံးလိုက်ရတဲ့ စစ်ကောင်စီဟာ ရသေ့တောင်-ပုဏ္ဏားကျွန်း ကားလမ်းမပေါ်မှာရှိတဲ့ စေတီပြင်တံတားကို မတ်လ ၄ ရက် ညနေ ၅ နာရီဝန်းကျင်မှာ ဂျက်တိုက်လေယာဥ် ၂ စီးနဲ့ ၁၂ ကြိမ်အထိ လာရောက်တိုက်ခိုက်ခဲ့တယ်လို့ အေအေက ပြောပါတယ်။
စေတီပြင်တံတားကို စစ်ကောင်စီက လေကြောင်းနဲ့ လာရောက်ပစ်ခတ်မှုကြောင့် တံတားအလယ်မှာ ကျိုးပေါက်သွားတဲ့အပြင် စက်လှေနှစ်စီးပါ ပျက်စီးသွားတယ်လို့ ဒေသခံတဦးက ပြောပါတယ်။
“စေတီပြင်တံတားကို လေယာဥ်နဲ့ လာပစ်တယ်။ တံတားတော့ ကြိုးမသွားဘူး။ တံတားအလယ်မှာ အပေါက်တွေ ပေါက်သွားပြီးတော့ အနီးအနားမှာရှိတဲ့ စက်လှေနှစ်စီးတော့ ပျက်စီးသွားတယ်။”
၁၀၂၇ စစ်ဆင်ရေးရဲ့ နောက်ဆက်တွဲအဖြစ် ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၃ ရက်မှာ စတင်ခဲ့တဲ့ ရခိုင်ပြည်တွင်း တိုက်ပွဲတွေမှာ ရခိုင်ပြည်နယ်မြောက်ပိုင်းက ကူးသန်းရောင်းဝယ်ရေး၊ လမ်းပန်းဆက်သွယ်ရေးအပြင် စစ်ရေးနဲ့ ပထဝီဝင်တို့အတွက် အချက်အချာကျတဲ့ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ပေါက်တော၊ တောင်ပြိုမြို့တွေ အပါအဝင် ချင်းပြည်နယ်က ပလက်ဝမြို့ကိုပါ အေအေဘက်က အပြည့်အဝ ထိန်းချုပ်ထားပါတယ်။
အရေးပါတဲ့ တပ်စခန်းတွေ၊ ဗျူဟာကုန်းတွေနဲ့ မြို့တွေကိုပါ လက်လွှတ်ဆုံးရှုံးနေတဲ့ စစ်ကောင်စီဟာ ရခိုင်ပြည်နယ်အတွင်းမှာ ပြည်သူလူထုကိုသာ အဓိက ပစ်မှတ်ထား တိုက်ခိုက်နေပြီးတော့ ပြည်သူတွေရဲ့ လုံခြုံရေးကို အထူးခြိမ်းခြောက်နေပါတယ်။
ရက္ခိုင့်တပ်တော်က သိမ်းပိုက်ထိန်းချုပ်ထားတဲ့ မြို့တွေမှာ အုပ်ချုပ်ရေးလည်ပတ်မှုတွေကို စတင်လုပ်ဆောင်နေပြီး တိုက်ပွဲကာလအတွင်း စစ်ဘေးရှောင်လာတဲ့ ပြည်သူတွေ အပါအဝင် စစ်သုံ့ပန်းတွေကိုပါ ကာကွယ်စောင့်ရှောက်လျက်ရှိတယ်လို့ အေအေရဲ့ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက မတ်လ ၄ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။