Home
နိုင်ငံတကာ
ဗီယက်နမ်မြို့တော် ဟနွိုင်း ကမ္ဘာ့အညစ်ညမ်းဆုံးမြို့တော် ဖြစ်လာ
DVB
·
March 5, 2024

ဗီယက်နမ်နိုင်ငံရဲ့ မြို့တော်ဟနွိုင်းဟာ ကမ္ဘာ့တခြားမြို့တွေကို ကျော်တက်ပြီး မတ်လ ၄ ရက်မှာ ကမ္ဘာ့အညစ်ညမ်းဆုံးမြို့တော် ဖြစ်လာတယ်လို့ ဆွစ်လေထုအရည်အသွေး စောင့်ကြည့်ရေးဌာန အိုင်ကျူအဲရ်ရဲ့ အဆင့်သတ်မှတ်ချက်က ဆိုပါတယ်။

ဟနွိုင်းမှာ တနင်္လာနေ့က လေထုအရည်အသွေး ညွှန်းကိန်း (AQI) ၁၉၁ ကို ရောက်ခဲ့တယ်လို့ လေထုညစ်ညမ်းမှု စောင့်ကြည့်ရေးဌာနက အစီရင်ခံပါတယ်။

ဂါနာနိုင်ငံက အက္ခရာမြို့က AQI ၁၆၇ နဲ့ အီရန်မြို့တော် တီဟီရန်က AQI ၁၆၆ တို့ အသီးသီး ရှိနေပြီး လေထုညစ်ညမ်းမှု ဒုတိယနဲ့ တတိယ အဆိုးရွားဆုံး အဆင့်တွေမှာ ရပ်တည်နေပါတယ်။

အဆင့်သတ်မှတ်ချက်စနစ်အရ AQI သုညကနေ ၅၀ အထိဟာ လေထုအရည်အသွေးကောင်း အဖြစ် သတ်မှတ်ထားပါတယ်။

ဟနွိုင်းမြို့တော်ရဲ့ လမ်းတွေပေါ်မှာ ထူထပ်တဲ့ မီးခိုးမြူတွေ ဖုံးလွှမ်းနေလို့ မြင်နိုင်စွမ်းပါ ကျဆင်းနေပါတယ်။

ဒေသတွင်း အေးပြီးစိုစွတ်တဲ့ ရာသီဥတုကြောင့် မီးခိုးမြူတွေက မြေမျက်နှာပြင်နဲ့ နီးကပ်တဲ့ လေထုအလွှာထဲမှာ လေထဲမှာ ရှိနေတဲ့ ညစ်ညမ်းပစ္စည်းတွေကို လှောင်ပိတ်ထားသလို ဖြစ်နေတယ်လို့ ဗီယက်နမ် အမျိုးသားမိုးလေဝသဌာနက ပြောပါတယ်။

ကားစီးရေ ၈ သန်း မှတ်ပုံတင်ထားတဲ့ ဟနွိုင်းမှာ လမ်းပေါ်က ဖုန်တွေနဲ့ ကားတွေက ထုတ်လွှတ်တဲ့ အငွေ့တွေဟာ ဟနွိုင်းရဲ့ လေထုညစ်ညမ်းမှုအတွက် ၃၀ ရာခိုင်နှုန်း တာဝန်ရှိပြီး စက်ရုံတွေကနေ ထုတ်လွှတ်တာတွေက နောက်ထပ် ၃၀ ရာခိုင်နှုန်း တာဝန်ရှိတယ်လို့ ၂၀၂၁ ကမ္ဘာ့ဘဏ်အစီရင်ခံစာက ဖော်ပြထားပါတယ်။

ဗီယက်နမ်မြောက်ပိုင်းနဲ့ အလယ်ပိုင်းမှာ လေထုညစ်ညမ်းမှုနဲ့ ပတ်သက်ပြီး လူအယောက် ၁၈,၀၀၀ သေဆုံးခဲ့တယ်လို့လည်း ကမ္ဘာ့ဘဏ်က ပြောပါတယ်။

အရင်လက ဟနွိုင်းမြို့တော်က ကျန်းမာရေးအာဏာပိုင်တွေဟာ ပြည်သူတွေ ပါးစပ် နှာခေါင်းစည်းတွေကို ဝတ်ကြဖို့နဲ့ လေဟာပြင်လှုပ်ရှားမှုတွေကို ကန့်သတ်ကြဖို့ အကြံပြုခဲ့ပါတယ်။

Source/Photo-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013