ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ငပွီကျေးရွာက မီးဘေးသင့် စစ်ဘေးရှောင်ပြည်သူတွေဟာ အရေးပေါ် စားနပ်ရိက္ခာ အကူအညီတွေ လိုအပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ငပွီကျေးရွာဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၀ ရက်မှာ ပလက်ဝမြို့နယ်က တိုက်ပွဲအတွင်း လက်နက်ကြီးကျည်ကျရောက်ပြီး မီးလောင်ပျက်စီးခဲ့တာ ဖြစ်ပါတယ်။
ငပွီကျေးရွာက လူနေအိမ်ခြေ ၄၅ လုံး မီးလောင်ပျက်စီးခဲ့ပြီး လူဦးရေ ၂၂၇ ဦး အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။
ရွာခံတွေဟာ မီးလောင်ပြင်မှာပဲ ယာယီနေထိုင်နေကြရပြီး ကူညီထောက်ပံ့သူ မရှိဘူးလို့လည်း သိရပါတယ်။
ရွာသားတဦးက “ပလက်ဝ ၂၈၉ တပ်ရင်းနဲ့ ပလက်ဝမြို့ ဒီဘက် တောင်ပေါ်က အေအေ တွေနဲ့ အပြန်အလှန် ပစ်ခတ်တုန်းက ရွာထဲမှာကျပြီးတော့ အိမ်တွေမီးလောင်သွားတာ။ အဲ့ဒီတုန်းက တိုက်ပွဲဖြစ်နေတော့ လူတွေက ရှောင်နေကြတာပေါ့။ အခု တိုက်ပွဲငြိမ်တော့ ကျနော်တို့ ပြန်ရောက်နေပြီ၊ ရွာမှာပဲ အဆင်ပြေသလို နေနေရတယ်။ စားစရာနဲ့ အမိုးအကာတွေ လိုနေတယ်” လို့ ပြောပါတယ်။
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ကို ရက္ခိုင့်တပ်တော် (အေအေ) က ဖေဖော်ဝါရီ ၁၄ ရက်နေ့မှာ အပြီးသတ် သိမ်းပိုက်ခဲ့တာ ဖြစ်ပါတယ်။