Home
မြန်မာသတင်း
မြန်မာ့လူဦးရေ ၁၈ ဒသမ ၆ သန်း အကူအညီလိုအပ်၊ ၂ ဒသမ ၇ သန်းကျော် အိုးအိမ်စွန့်ခွာထွက် ပြေးနေရ
DVB
·
March 5, 2024
vit 532024

မြန်မာနိုင်ငံတဝန်း လူဦးရေ ၁၈ ဒသမ ၆ သန်းလောက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ လိုအပ်နေပြီး လူပေါင်း ၂ ဒသမ ၇ သန်းကျော် အိုးအိမ်စွန့်ခွာထွက်ပြေးနေကြရတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA) က သတင်းထုတ်ပြန်ပါတယ်။

ငွေကြေးဖောင်းပွမှု မြင့်တက်လာတာ၊ ပဋိပက္ခနဲ့ မလုံခြုံမှုတွေ၊ အရပ်သားဘေးကင်း လုံခြုံရေးနဲ့ အကာအကွယ်ရရှိမှု အန္တရာယ်တွေကြားမှာ ရှင်သန်နိုင်ဖို့ ရုန်းကန်နေရဆဲ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် ပဋိပက္ခတွေဟာ ရခိုင်ပြည်နယ်၊ နိုင်ငံအနောက်မြောက်ပိုင်း၊ အရှေ့တောင်ပိုင်းတို့မှာ ဆိုးရွားတဲ့ အခြေအနေတွေနဲ့အတူ နေရာအနှံ့အပြား ပျံ့နှံ့ဖြစ်ပွားနေတယ်လို့လည်း UNOCHA က ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာလကတည်းက တကျော့ပြန်ပဋိပက္ခတွေ ဖြစ်ပွား ချိန်ကစတင်ကာ ရေလမ်း၊ ကားလမ်းတွေ ပိတ်ထားတာကြောင့် စားနပ်ရိက္ခာရှားပါးမှုနဲ့ တခြားသော ကုန်စည်ပစ္စည်းပြတ်လပ်မှုတွေ ဖြစ်ပွားနေသလို မရှိမဖြစ် ကုန်ပစ္စည်းတွေလည်း ဈေးနှုန်းတွေ မြင့်တက်နေတယ်လို့ ဆိုပါတယ်။ 

ဖြစ်ပွားဆဲတိုက်ပွဲတွေ၊ ဘက်ပေါင်းစုံကနေ ချမှတ်ထားတဲ့ စီမံရေးရာကန့်သတ်ချက်တွေ၊ လူမှုကရုဏာလုပ်သားတွေကို အကြမ်းဖက်မှုနဲ့ နှောင့်ယှက်မှုတွေက ဘေးဒဏ်သင့် ပြည်သူတွေ ရှိရာဆီ ဝင်ရောက်ပြီး လူမှုကယ်ဆယ်ရေးအကူအညီတွေ ဆောင်ရွက်နိုင်ဖို့အတွက် အဓိက အတားအဆီးတွေအဖြစ် ရှိနေဆဲ ဖြစ်တယ်လို့လည်း ဆိုပါတယ်။ 

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်တုန်းကတော့ အနည်းဆုံး လူဦးရေ ၃ ဒသမ ၂ သန်းကို အကူအညီတွေ ပံ့ပိုးနိုင်ခဲ့ပေမယ့် ရန်ပုံငွေမပြည့်မီမှုနဲ့ ဝင်ရောက်ကူညီခွင့် ကန့်သတ်ချက်တွေကြောင့် နဂိုမူလ စီစဥ်ထားတဲ့အတိုင်း နက်ရှိုင်းပြည့်ဝအောင် ဆောင်ရွက်နိုင်ခြင်းမရှိခဲ့ဘူးလို့လည်း UNOCHA က ပြောပါတယ်။ 

အခု ၂၀၂၄ ခုနှစ် လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်နဲ့ တုံ့ပြန်ဆောင်ရွက်ရေး အစီအစဥ် (HNRP) အရ လူဦးရေ ၅ ဒသမ ၃ သန်းကို ဦးတည်ပြီး လူမှုကယ်ဆယ်ရေး အကူအညီတွေ ပံ့ပိုးပေးဖို့ ရည်ရွယ်ထားပြီး အမေရိကန်ဒေါ်လာ ၉၉၄ သန်း လိုအပ်နေတယ်လို့ ဆိုပါတယ်။ 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013