Home
မြန်မာသတင်း
ကရင်နီ စစ်ရှောင်ပြည်သူများ စပါးစိုက်ပျိုးရန် အခက်တွေ့
DVB
·
March 5, 2024
agri 532024

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့ အ​ရှေ့ခြမ်းမှာ စစ်ရှောင်နေရတဲ့ စစ်ရှောင်တွေအနေနဲ့ မိုးရာသီပြန်ရောက်ကာနီးတဲ့အတွက် မိုးစပါးစိုက်ပျိုးဖို့ မျိုးစပါးမရှိတဲ့ ပြဿနာတွေနဲ့ ကြုံတွေ့နေပါတယ်။

ဒီးမော့ဆိုမြို့နယ်ကနေ အဓိက စစ်ရှောင်လာရတဲ့ အဆိုပါ စစ်ဘေးရှောင်စခန်းမှာ နေထိုင်သူတွေက စစ်ရှောင်လာရစဉ်တုန်းကတော့ မျိုးစပါးတွေ ပါလာကြပေမဲ့ နေရာရွှေ့ပြောင်းရတဲ့အအခါမှာ ပျက်စီးသွားတာမျိုးတွေနဲ့ ကြွက်၊ ပိုးကောင်တွေရဲ့ ဖျက်ဆီးတာတွေကြောင့် မိုးရာသီမှာ စပါးပြန်စိုက်ဖို့ အခက်အခဲ တွေ့နေရတာလို့ အဆိုပါ စစ်ရှောင်စခန်း တာဝန်ခံတဦးက ဒီဗွီဘီကို ပြောပါတယ်။

“အခု စပါးတွေက အရင်းခံပေါ့။ စစ်ရှောင်ရတုန်းက ပါလာတာတွေ၊ ကြွက်န​ဲ့ အကောင်ပလောင်တွေ ဖျက်ဆီးတာတွေ၊ မိုးမိ ဘာမိတာတွေကြောင့် ပျက်စီးသွားတာ ဆုံးရှုံးသွားတာပေါ့။ ချက်စားဖို့လည်း အဆင်မပြေတော့ အခက်အခဲ အများကြီး ကြုံနေကြရပါတယ်။ မျိုးစေ့ဝယ်ဖို့လည်း အရင်းငွေကမရှိ ဖြစ်နေပါတယ်။ အဲ့တော့ စားဝတ်နေ​ရေး ကြပ်မယ့်သဘော ဖြစ်နေတာပါ။ အလှူရှင်တွေအနေနဲ့လည်း ဒီသတင်းကို မြင်ရင် ကူညီစေချင်ပါတယ်။”

စပါးမျိုးစေ့လှူမယ့်သူ ရှိရင်တော့ စပါးစိုက်ဖို့ ငွေကို ကိုယ့်ထူကိုယ်ထ စိုက်ထုတ်ကြရမှာဖြစ်ပြီး တခြား အနီးပတ်ဝန်းကျင်မှာရှိတဲ့ ပိုခက်ခ​ဲပြီး စပါးစိုက်စရာ မြေမရှိတဲ့ စစ်ရှောင်တွေကို လှူဒါန်းပေးဖို့လည်း လုပ်သွားမယ်လို့ သိရပါတယ်။

အိမ်ခြေ ၂၂၈ လုံး၊ လူဦးရေ ၈၀၀ ခန့် နေထိုင်ကြတဲ့ အဆိုပါ စစ်ရှောင်စခန်းကို အလှူရှင်တွေ မလာရောက်တော့တာ ကာလအတော်ကြာမြင့်ခဲ့ပြီဖြစ်ပြီး တချို့ စားနပ်ရိက္ခာ ပြတ်သွားရင်တော့ အချင်းချင်း ကူညီရပ်တည်နေကြရကာ နေရပ်ပြန် လုပ်ကိုင်စားသောက်လို့ မရတဲ့အပြင် စစ်ရှောင်စခန်း အနီးအပါးမှာလည်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုကြောင့် တောင်ယာခုတ်လို့လည်း မရဘူးလို့ စစ်ရှောင်ပြည်သူတဦးက ပြောပါတယ်။

တပြည်နယ်လုံး အတိုင်းအတာနဲ့  စစ်ဖြစ်ပွားနေတဲ့ ကရင်နီပြည်နယ်မှာ ၂၀၂၁ ခုနှစ် မေလလောက်က စတင်ပြီး စစ်ကောင်စီနဲ့ နယ်မြေခံ တော်လှန်ရေးတပ်ဖွဲ့တွေ နှစ်ဖက် တိုက်ပွဲဖြစ်ပွားနေတာကြောင့် ဒေသခံတိုင်းရင်းသားတွေဟာ စစ်ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်နေကြရပြီး စားနပ်ရိက္ခာ၊ ရေ စတဲ့ ရှားပါးမှု အခက်အခဲတွေ ကြုံတွေ့နေကြရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013