ပြည်ပမှာ တိမ်းရှောင်နေရဆဲဖြစ်တဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်လတ်ရှင်နာဝပ် တာဝန်ယူစဉ် ၂၀၁၃ ခုနှစ်က ဆောင်ရွက်ခဲ့တာတွေနဲ့ ပတ်သက်လို့ စွဲချက်တင်ထားတဲ့ ပေါ့လျော့မှုနဲ့ ပတ်သက်ပြီး သူ့မှာ အပြစ်မရှိဘူးလို့ တရားရုံးချုပ်က မတ်လ ၄ ရက်နေ့မှာ ဆုံးဖြတ်လိုက်ပါတယ်။
ယင်လတ်အပေါ် ထုတ်ပြန်ထားတဲ့ ဖမ်းဝရမ်းကိုလည်း ပယ်ဖျက်ပေးခဲ့ပါတယ်။ ယင်လတ်ဟာ ပြည်တော်ပြန် ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ရဲ့ ညီမ ဖြစ်ပါတယ်။
ယင်လတ်ဟာ ၂၀၁၄ ခုနှစ်တုန်းက အာဏာသိမ်းခံခဲ့ရပြီးနောက် ထောင်ဒဏ် ပြစ်ဒဏ် ချမှတ်ခံထားရတဲ့အတွက် ပြီးခဲ့တဲ့ ၆ နှစ်လုံးလုံး ပြည်ပမှာ တိမ်းရှောင်နေခဲ့ရတာ ဖြစ်ပါတယ်။
အခု ဖဲထောင်းထန်းရှင်နာဝပ် ဦးဆောင်တဲ့ ဖွေ့ထိုင်းပါတီ အာဏာရလာချိန်မှာတော့ ဖခင် သက်ဆင်ရှင်နာဝပ် ပြန်လွတ်လာခဲ့သလို အဒေါ်ဖြစ်သူ ယင်လတ်အပေါ် နောက်ဆုံးစွဲချက်ကိုလည်း တရားရုံးက ပယ်ဖျက်ပေးခဲ့တာ ဖြစ်ပါတယ်။
ဘတ်သန်း ၂၅၀ တန်တဲ့ အစိုးရကန်ထရိုက်တခုကို ချထားပေးရာမှာ တင်ဒါစည်းကမ်းအတိုင်း မလုပ်ခဲ့လို့ဆိုပြီး ယင်လတ်နဲ့ တခြားလေးဦးအပေါ် အဂတိကော်မရှင်က ၂၀၂၂ ခုနှစ်က တိုင်ကြားထားတဲ့အမှုမှာ အပြစ်မရှိဘူးလို့ တရားရုံးက ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။
ယင်လတ်နဲ့အတူ စွပ်စွဲခံရတဲ့ အဲဒီတုန်းက အစိုးရတာဝန်ရှိသူတွေဟာ သူတို့တာဝန်ကို ဥပဒေနဲ့အညီ လုပ်ခဲ့တာသာဖြစ်ပြီး အကျိုးခံစားခွင့် တစုံတရာ ရယူခဲ့တာ မရှိတဲ့အတွက် အပြစ်မရှိဘူးလို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။
ယင်လတ်ဟာ ဝန်ကြီးချုပ် တာဝန်ယူစဉ်က ဆန်စပါးဝယ်ယူရေး အစီအစဉ်မှာ နိုင်ငံအတွက် ဒေါ်လာဘီလီယံချီ ဆုံးရှုံးစေခဲ့တယ်ဆိုပြီး ပေါ့ဆမှုနဲ့ မျက်ကွယ်ထောင်ဒဏ် ငါးနှစ် ချမှတ်ခံထားရပါတယ်။
Source/Reuters
Photo Credit- Yingluck Shinawatra