ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၊ ကိုင်းကြီးကျေးရွာနဲ့ ဂုံညှင်းတန်းကျေးရွာမှာ မတ် ၃ ရက် နေ့လယ် ၂ နာရီခွဲက ပစ်ခတ်မှုနှစ်ကြိမ်ဖြစ်ပြီး ရဲတဦး၊ ပြည်သူ့စစ်တဦးနဲ့ အုပ်ချုပ်ရေးမှူး လင်မယား သေဆုံးခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
ကိုင်းကြီးကျေးရွာမှာ မတ် ၃ ရက် နေ့လယ် ၂ နာရီခွဲက ကျေးရွာအုပ်ချုပ်ရေးမှူး ဦးတင်အောင်နဲ့ ဇနီးဖြစ်သူ ဒေါ်ထွေးကြည်တို့ကို နေအိမ်မှာပဲ သေနတ်ကိုင်ဆောင်ထားသူတွေက ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတဦးက ဒီဗွီဘီကို ပြောပါတယ်။
“အုပ်ကြီးအိမ်ကို ကာကွယ်ရေးတပ်တွေ ဝင်ပစ်တာ၊ အုပ်ချုပ်ရေးမှူးက စစ်တပ်က ပေးတဲ့ ဗုံးနဲ့ ပြန်ပစ်လို့ PDF တွေလည်း ထိသွားတယ်၊ အုပ်ကြီးရော သူ့မိန်းမရော သေတယ်။”
သေဆုံးသူ ကိုင်းကြီးကျေးရွာ အုပ်ချုပ်ရေးမှူး ဦးတင်အောင်ဟာ ကြံ့ခိုင်ရေးပါတီ မြို့နယ်ကော်မတီဝင်တဦး ဖြစ်သလို ဇနီးဖြစ်သူမှာလည်း ကြံ့ခိုင်ရေးပါတီဝင်တဦးဖြစ်ပြီး ပြည်သူ့စစ်နဲ့ စစ်မှုထမ်းအတွက် စည်းရုံးနေသူတွေဖြစ်တာကြောင့် စစ်တပ်က လက်ပစ်ဗုံးတွေ ပေးထားတာဖြစ်ပါတယ်။
အလားတူ အုတ်ဖိုမြို့နယ်၊ ဂုံညှင်းတန်းကျေးရွာ ၉၆၉ လက်ဖက်ရည်ဆိုင်မှာ ရဲတပ်သားတဦးနဲ့ ပြည်သူ့စစ်တဦး ညနေ ၃ နာရီက ပစ်ခတ်ခံရပြီး သေဆုံးခဲ့တယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတဦးက ဒီဗွီဘီကို ပြောပါတယ်။
လတ်တလော အုတ်ဖိုမြို့နယ်မှာ စစ်ကောင်စီတပ်၊ ရဲနဲ့ ပြည်သူ့စစ်တွေ ပစ်ခတ်ခံရတဲ့ကိစ္စနဲ့ ပတ်သက်လို့ စစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၇ ရက်က အုတ်ဖိုမြို့နယ်၊ မြောင်ကျေးရွာ အုပ်ချုပ်ရေးမှူး၊ ဇနီးဖြစ်သူနဲ့ သားမက်ဖြစ်သူတို့ သေနတ်နဲ့ ပစ်ခတ်ခံရပြီး သေဆုံးခဲ့တဲ့ဖြစ်စဥ်လည်း ရှိပါတယ်။