Home
မြန်မာသတင်း
ပြည်ထောင်စုထဲက သီးခြားခွဲထွက်ရန် ဆန္ဒမရှိဟု အေအေပြော
DVB
·
March 4, 2024
KhaingThuKha_04032024

ရခိုင်ပြည်နယ်အနေနဲ့ ပြည်ထောင်စုထဲကနေ သီးခြားခွဲထွက်သွားဖို့ ဆန္ဒမရှိဘူးလို့ ရက္ခိုင့်တပ်တော် (အေအေ) ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ပြောကြားလိုက်ပါတယ်။

မတ်လ ၄ ရက် ဒီကနေ့ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ရခိုင်နိုင်ငံတော်သီးသန့် ထူထောင်သွားဖို့ ရှိ၊ မရှိ ဒီဗွီဘီသတင်းဌာနရဲ့ မေးခွန်းကို ဖြေကြားသွားတာ ဖြစ်ပါတယ်။

လက်ရှိရခိုင်ပြည်အနေနဲ့ သီးခြားလွတ်လပ်တဲ့ နိုင်ငံတခုအဖြစ် ထူထောင်တာထက် မြန်မာနိုင်ငံထဲမှာ ရခိုင့်ကံကြမ္မာ ရခိုင်ဖန်တီးခွင့်မူကို ကိုင်စွဲပြီး ကွန်ဖက်ဒရေးရှင်းထက် မနိမ့်တဲ့ နိုင်ငံရေးမှုနဲ့ ရပ်တည်သွားမယ်လို့  ဦးခိုင်သုခက ပြောပါတယ်။

ဦးခိုင်သုခက “လက်ရှိ ရခိုင်ပြည်အနေနဲ့ မြန်မာနိုင်ငံထဲကနေ ခွဲထွက်ဖို့အတွက် အစီအစဥ်မရှိသေးဘူး။ ကျနော်တို့မှာ ကွန်ဖက်ဒရယ်ရှင်းထက်မနိမ့်တဲ့ နိုင်ငံရေးအဆင့်အတန်းနဲ့ ရခိုင့်ကံကြမ္မာ ရခိုင်ဖန်တီးခွင့်မူနဲ့ ပြည်ထောင်စုထဲမှာ ရပ်တည်သွားမယ်။ ကျနော်တို့ လိုချင်တဲ့ နိုင်ငံရေးမူအတွက် ဘယ်သူ့ဆီကမှ တောင်းဆိုနေမှာမဟုတ်ဘူး။ ကျနော်တို့ကိုယ်တိုင် အာမခံချက်ရှိရေးအတွက် ကျနော်တို့ကိုယ်တိုင် လုပ်ဆောင်သွားမယ်”လို့ ပြောဆိုပါတယ်။

မြန်မာနိုင်ငံထဲမှာ အတူတူယှဥ်တွဲပြီး ရေရှည်နေထိုင်နိုင်ရေးနဲ့ သီးခြားလွတ်လပ်တဲ့နိုင်ငံအဖြစ် ထူထောင်နိုင်ရေးဟာ လုံခြုံရေးနဲ့ သက်ဆိုင်နေပြီးတော့ ရခိုင်ပြည်သူတွေ နေထိုင်လို့မရအောင် နေ့စဥ် သတ်ဖြတ်၊ ဖမ်းဆီးမှုတွေ ပြုလုပ်မယ်ဆိုပါ မြန်မာနိုင်ငံထဲမှာ အတူယှဥ်တွဲရေးကို စဥ်းစားရမယ်လို့ အေအေဘက်  ပြောဆိုထားပါတယ်။

ရက္ခိုင့်တပ်တော်(အေအေ)က လိုချင်တဲ့ နိုင်ငံရေးရည်မှန်းချက်အတိုင်း ဆက်လက် ဆောင်ရွက်သွားမှာ ဖြစ်ပြီး ပြည်ထောင်စုမှာ အတူပူးပေါင်းနေထိုင်လို့ရရင် နေသွားမှာဖြစ်ပေမဲ့ လက်ရှိအချိန်မှာတော့ စစ်ရေးဆိုင်ရာကိစ္စရပ်တွေ အသေးစိတ်ဖြေဆိုဖို့ မရှိသေးဘူးလို့လည်း ခိုင်သုခက ပြောပါတယ်။

ရခိုင်ပြည်နယ် ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ဘူးသီးတောင်၊ မောင်တော စတဲ့မြို့နယ်တွေနဲ့ ချင်းပြည်နယ် ပလက်ဝဒေသမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေကို အေအေတပ်တွေက တိုက်ခိုက်သိမ်းပိုက်ထားပါတယ်။

လက်ရှိတိုက်ပွဲတွေ ပြင်းထန်နေတဲ့ ရခိုင်ပြည်မှာ အေအေကတေ စစ်ကောင်စီကို စစ်ရေးအရ အနိုင်ယူထားပြီးတော့ အရေးပါတဲ့ တပ်စခန်းတွေ၊ ဗျူဟာကုန်း၊ မြို့တွေကိုပါ သိမ်းပိုက် ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။

အေအေ သိမ်းပိုက်ထိန်းချုပ်ထားတဲ့ မြို့တွေမှာ အုပ်ချုပ်ရေးအစီအစဥ်တွေကို စတင် ဆောင်ရွက်နေပြီးတော့ ပြည်သူတွေကိုလည်း ဥပဒေအရ လုံလောက်တဲ့ အကာအကွယ်တွေ ပေးနေတယ်လို့ အေအေရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

ရခိုင်ပြည်မှာရှိတဲ့ စစ်ကောင်စီတပ်အားလုံးကို တိုက်ခိုက်သွားမှာဖြစ်ပြီး အနာဂတ် ရခိုင်ပြည်နယ်မှာ ရက္ခိုင့်တပ်တော်ကလွဲလို့ ဘယ်လက်နက်ကိုင်တပ်ဖွဲ့မှ မရှိစေရေးမူကို  စွဲကိုင်သွားမယ်လို့လည်း ပြောကြားလိုက်ပါတယ်။

အောင်သူ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013