ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ်၊ တမော်ကျေးရွာအုပ်စုရှိ မဂျီဂုံ စစ်ကောင်စီ ဗျူဟာတပ်စခန်းကို မတ်လ ၃ ရက် မွန်းလွဲ ၂ နာရီခွဲလောက်က KIA နဲ့ KPDF ပူးပေါင်းအဖွဲ့ သိမ်းပိုက်လိုက်ကြောင်း KIA ရှေ့တန်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
စစ်ကောင်စီ ခလရ - ၁၀၂၊ ခလရ - ၂၅၀ နဲ့ ခမရ - ၄၂၇ တို့ ပူးပေါင်းကာ အထိုင်စခန်းချထားတဲ့ မဂျီဂုံကြီးဗျူဟာ တောင်ကုန်းသုံးခုကို သိမ်းလိုက်တာလို့ ရှေ့တန်းသတင်းရင်းမြစ်တဦးက ပြောပါတယ်။
နောက်ထပ် ရှေ့တန်းသတင်းရင်းမြစ်တဦး “မနေ့ မတ်လ ၃ ရက်နေ့ ညနေပိုင်းက ဝင်ရောက်ရှင်းလင်းလိုက်တာ ဟုတ်တယ်။ ၁၀၅ မမ ဟောင်ဝစ်ဇာ ၂ လက် ရထားတယ်” လို့ ပြောပါတယ်။
တိုက်ပွဲမှာ KIA နဲ့ ပူးပေါင်းအဖွဲ့ဘက်က ၁ ဦး ကျဆုံးပြီး ၁၀ ဦးခန့် ဒဏ်ရာရှိကာ စစ်ကောင်စီရဲ့ လက်နက်အကြီးအသေးတွေ တချို့လည်း သိမ်းဆည်းရမိထားတယ်လို့ သူက ပြောပါတယ်။
အဲဒီ မဂျီဂုံက စစ်ကောင်စီ ဗျူဟာကုန်းနဲ့ တခြား စစ်တပ်စခန်းကုန်း ၂ ခုကို ကေအိုင်အေ တပ်မဟာ ၃၊ တပ်ရင်း ၂၇ နဲ့ KPDF ပူးပေါင်းအဖွဲ့တွေက မတ်လ ၁ ရက်နေ့ကစပြီး တပြိုင်တည်း ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာဖြစ်ပြီး ၃ ရက်အကြာမှာ အပြီးသတ် ရှင်းလင်းသိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။
အခုနှစ် ဇန်နဝါရီလကစပြီး မတ်လ ၃ ရက်အထိ KIA နဲ့ KPDF ပူးပေါင်းအဖွဲ့တွေက မဂျီဂုံ စစ်ကောင်စီ ဗျူဟာတပ်စခန်း အပါအဝင် မံစီမြို့နယ်ရှိ မန့်ဝိန်းကြီးရဲစခန်းနဲ့ စစ်ကောင်စီစခန်း၊ ကိုက်ထိပ် စစ်ကောင်စီတပ်စခန်း၊ ဘလောင်ဒိန်ဆာ စစ်ကောင်စီ တပ်စခန်း၊ စီခမ်းကြီး စစ်ကောင်စီ တပ်စခန်းတွေကို သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။