Home
မြန်မာသတင်း
မြန်မာစစ်တပ်ကို လုံခြုံရေးကောင်စီက ချက်ချင်း အရေးယူရန် အရပ်ဘက်အဖွဲ့ ၄၀၀ ခန့် တောင်းဆို
DVB
·
March 3, 2024
SAC_03032024

မြန်မာစစ်တပ်ရဲ့ အတင်းအဓမ္မစစ်သားစုဆောင်းတာဟာ မြန်မာနိုင်ငံနဲ့ အာဆီယံဒေသတွင်း ငြိမ်းချမ်းတည်ငြိမ်ရေးနဲ့ လူသားလုံခြုံမှုအပေါ် အန္တရာယ်ပြုလာနိုင်တာကြောင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ချက်ချင်း အရေးယူဆောင်ရွက်ဖို့အတွက် အရပ်ဘက်လူထုအဖွဲ့အစည်း ၄၀၀ လောက်က အိတ်ဖွင့်ပေးစာပို့ပြီး တောင်းဆိုလိုက်ပါတယ်။

မတ် ၁ ရက်စွဲနဲ့ ပေးပို့တဲ့စာမှာ ပြည်သူ့စစ်မှုထမ်းဥပဒေကို တရားမဝင် အသက်သွင်းလိုက်တဲ့နောက်မှာ အာဆီယံဒေသတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးအပေါ် အာမခံချက်ရှိစေဖို့ ကုလသမဂ္ဂလုံခြုံရေး ကောင်စီ (UNSC) အနေနဲ့ ချက်ချင်း အရေးယူဆောင်ရွက်ဖို့ တောင်းဆိုလိုက်ပါတယ်။

အရပ်ဘက်လူထုအဖွဲ့အစည်း ၃၉၇ ဖွဲ့တို့က ကုလသမဂ္ဂလုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံတွေဆီ ပူးပေါင်း တောင်းဆိုတာဖြစ်ပြီး အဲဒီစာကို ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ အဖွဲ့ဝင်တွေ၊  ကုလသမဂ္ဂ လူအခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးနဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ်တို့ဆီ မိတ္တူပေးပို့ထားပါတယ်။

၂၀၂၄ ခုနှစ် မတ်လမှာ UNSC ရဲ့ ဥက္ကဋ္ဌ ဖြစ်လာမယ့် ဂျပန်နိုင်ငံအနေနဲ့ စစ်အုပ်စုအပေါ် စီးပွားရေးအရ ပစ်မှတ်ထားအရေးယူပိတ်ဆို့တာတွေနဲ့ လက်နက်တင်ပို့ရောင်းချတာ အလုံးစုံ ပိတ်ဆို့ရေး လုပ်ဆောင်သွားဖို့နဲ့ မြန်မာနိုင်ငံရဲ့ အကျပ်အတည်းကို နိုင်ငံတကာ ရာဇဝတ်ခုံရုံး (ICC) ဆီကို လွှဲပြောင်းဖို့ ဒါမှမဟုတ် အရေးပေါ်ခုံရုံးတခု တည်ထောင်ဖို့အတွက် စည်းနှောင်မှုရှိတဲ့ ဆုံးဖြတ်ချက်တရပ် ချမှတ်ရေးအတွက် အရေးပေါ်အစည်းအဝေး ခေါ်ယူဖို့ အထူးတလည် တောင်းဆိုထားပါတယ်။

ဒါ့အပြင် UNSC အနေနဲ့ ဆုံးဖြတ်ချက်အမှတ် ၂၆၆၉ မှာ ကြေညာထားတဲ့အတိုင်း အာဆီယံကို ခိုင်မာတဲ့ ကူညီပံ့ပိုးမှုတွေပေးဖို့နဲ့ အတင်းအဓမ္မ စစ်သားစုဆောင်းတာ၊ ရက်စက်ကြမ်းကြုတ်တဲ့ ရာဇဝတ်မှုတွေကြောင့် မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံတွေဆီ ထွက်ပြေးတိမ်းရှောင်လာတဲ့ မြန်မာပြည်သူတွေအတွက် တရားဝင်ကာကွယ်စောင့်ရှောက်မှုတွေ အမြန်ဆုံး စီမံဆောင်ရွက်ပေးနိုင်ဖို့ ပံ့ပိုးကူညီပေးရမယ်လို့ ဆိုပါတယ်။

အတင်းအဓမ္မ စစ်မှုထမ်းခိုင်းရေး ကြိုးပမ်းတာဟာ အရင်က မကြုံဖူးတဲ့ နိုင်ငံတဝန်းက စစ်တပ်ရဲ့ အကြမ်းဖက်လုပ်ရပ်တွေကို ပိုဆိုးရွားလာစေပြီး ဒါဟာ လုံခြုံရေးကောင်စီဆုံးဖြတ်ချက် အမှတ် ၂၆၆၉ မှာ တောင်းဆိုထားတဲ့ နည်းလမ်းပေါင်းစုံနဲ့ အကြမ်းဖက်မှုတွေအားလုံးကို ချက်ချင်းရပ်တန့်ရမယ် ဆိုတဲ့အချက်နဲ့ လုံးဝ ဆန့်ကျင်နေတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလတုန်းက နေပြည်တော်ကို မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ် သွားရောက်ခဲ့တာနဲ့ ဖေဖော်ဝါရီလဆန်းမှာ အာဆီယံက ထောက်ခံမှုပေးထားတဲ့ လူသားချင်း စာနာထောက်ထားမှု အကူအညီပေးရေးစင်တာကို ထိုင်းနိုင်ငံ ကြေညာမှုအပြီး မရှေးမနှောင်းမှာ မြန်မာစစ်အုပ်စုက အတင်းအဓမ္မစစ်မှုထမ်းရေး လုပ်ဆောင်လာတာကို သတိပြုမိပြီး အရှေ့တောင်အာရှဒေသတွင်း ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနဲ့ လူသားလုံခြုံရေးကို ထိန်းသိမ်းရမယ့် အစား အာဆီယံ အထူးကိုယ်စားလှယ်နဲ့ ထိုင်းနိုင်ငံတို့ရဲ့ လုပ်ရပ်တွေဟာ စစ်အုပ်စုကို မှားယွင်းတဲ့ တရားဝင်မှုပေးတာ၊ အတင်းအဓမ္မ စစ်သားစုဆောင်းတာကတဆင့် အကြမ်းဖက်မှုတွေကို ပိုပြီး အတင့်ရဲရဲ လုပ်ခွင့်ပေးနေတာလို့လည်း ဆိုပါတယ်။

ဒါကြောင့် လုံခြုံရေးကောင်စီအနေနဲ့ တိကျတဲ့ အရေးယူဆောင်ရွက်တာတွေ အမြန်ဆုံးပြုလုပ်ဖို့ လိုအပ်နေပြီး လုပ်ပိုင်ခွင့်၊ တာဝန်ရှိမှုနဲ့ ချမှတ်ထားတဲ့ ဆုံးဖြတ်ချက်တွေအတိုင်း အကောင်အထည်ဖော် ဆောင်ရွက်ရမယ်လို့ တောင်းဆိုထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013