ဂါဇာကမ်းမြောင် မြောက်ပိုင်းမှာရှိတဲ့ ဆေးရုံတရုံက ကလေးအထူးကုဆရာဝန်တယောက်ဟာ သူ့မှာ ဘာမှမကျန်တော့ဘဲ စားစရာ အလုံအလောက် မရှိလို့ ပြုစုစောင့်ရှောက်လာရတဲ့ ကလေးငယ် တဝက်ကျော်ကို ကူညီဖို့ ဘာမှမတတ်နိုင်တော့ဘူးလို့ ပြောပါတယ်။
ခါမယ်လ်အဒ်ဝမ်ဆေးရုံက ဒေါက်တာ အီမဒ်ဒါဒိုနာက“အာဟာရချို့တဲ့မှုဟာ ကျနော်တို့ဆီ ရောက်လာတဲ့ ကလေးအရေအတွက်ထဲမှာ အဓိက အခန်းကဏ္ဍကနေ ပါဝင်ပြီး သေဆုံးရသူတွေတောင် ပါနေတယ်”လို့ ပြောခဲ့ပါတယ်။
လက်ခံရရှိတဲ့ လူနာပေါင်းရဲ့ ၅၀ ကနေ ၆၀ ရာခိုင်နှုန်းက သူတို့အတွက် ပေးစရာ ဘာမှမရှိတော့လို့ သူတို့အတွက် အပေးနိုင်ဆုံးက ဆားရည် ဒါမှမဟုတ် သကြားရည် ပေးတာမျိုးပဲလို့လည်း ပြောပါတယ်။
အာဟာရချို့တဲ့မှုနဲ့ အခြေအနေကို ဆန်းစစ်ခြင်းလို့ နာမည်ပေးထားတဲ့ ဂါဇာရဲ့ နောက်ဆုံး ထုတ်ပြန်တဲ့ အစီရင်ခံစာထဲမှာ ဂါဇာမြောက်ဘက်မှာ အာဟာရချို့တဲ့မှု ပိုဆိုးရွားနေတာကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး WHO က တွေ့ခဲ့ပါတယ်။
၂ နှစ်အောက်ကလေး ၆ ဦးမှာ ၁ ဦးက ကာလတိုအတွင်း အပြင်းအထန် အာဟာရချို့တဲ့နေကြပြီး သူတို့ထဲက ၃ ရာခိုင်နှုန်းနီးပါးကတော့ အာဟာရချို့တဲ့မှုကြောင့် အသက်အန္တရာယ်ကို ခြိမ်းခြောက်မှု အများဆုံး အခြေအနေမှာ ရှိနေကြပါတယ်။
စစ်ပွဲတွေမဖြစ်မီက ဂါဇာကမ်းမြောင်ဒေသမှာ ခုလိုဖြစ်ရပ် ရှားပါးပြီး အသက် ၅ နှစ်အောက် ကလေးတွေရဲ့ ဒသမ ၈ ရာခိုင်နှုန်းသာ အာဟာရချို့တဲ့ခဲ့တယ်လို့ WHO က ပြောပါတယ်။
ဂါဇာကမ်းမြောင်မှာ လူပေါင်း ၅၇၆၀၀၀ ထက်မနည်းဟာ အငတ်ဘေးကနေ ခြေတလှမ်း အကွာမှာ ရှိနေတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံးက ဆိုပါတယ်။
ဟားမတ်စ်အဖွဲ့ကို ချေမှုန်းပစ်မယ်လို့ ကတိပြုထားတဲ့ အစ္စရေးက အောက်တိုဘာ ၇ ရက် တိုက်ခိုက်မှုကို တုံ့ပြန်တဲ့အနေနဲ့ ဂါဇာက မြို့တွေကို ထိုးစစ်ဆင်ခဲ့တာပါ။
ဂါဇာကမ်းမြောင်ဒေသမှာ အစ္စရေးရဲ့ ထိုးစစ်ကြောင့် ပါလက်စတိုင်း ၃၀၀၀၀ ကျော် သေဆုံးခဲ့တယ်လို့ ဂါဇာကျန်းမာရေး အာဏာပိုင်တွေက ပြောပါတယ်။
ဂါဇာကမ်းမြောင်မြောက်ပိုင်းမှာ တိုက်ပွဲတွေဆက်ဖြစ်နေလို့ မျှော်မှန်းထားတဲ့ အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းမှုမတိုင်မီ တစ်ရက်အလို မတ် ၂ ရက်မှာ ဒေသတွင်းမှာ ကြီးမားတဲ့ ပေါက်ကွဲမှုနဲ့ မီးခိုးငွေ့တွေကို အစ္စရေးဘက်ကနေ လှမ်းမြင်နေရပါတယ်။
ဂါဇာကမ်းမြောင်ဒေသကို အစ္စရေးရဲ့ ထိုးစစ်ကြောင့် ပါလက်စတိုင်း ၁ သန်းကျော်လည်း ထွက်ပြေးလာကြပြီး ဂါဇာတောင်ပိုင်းက ရာဖှာမြို့မှာ ခိုလှုံဖို့ ကြိုးပမ်းနေကြတာပါ။
အစ္စရေး ပါလက်စတိုင်း ပဋိပက္ခကြောင့် လူပေါင်း ၃၀၀၀၀ ထက်မနည်း သေဆုံးခဲ့တယ်လို့ ဟားမတ်စ်အဖွဲ့က ကြီးမှူးတဲ့ ကျန်းမာရေးအာဏာပိုင်တွေက ပြောခဲ့ပါတယ်။
လူဦးရေရဲ့ လေးပုံတစ်ပုံဟာ အငတ်ဘေးကနေ ခြေတလှမ်းသာ ဝေးတော့တယ်လို့ ကုလသမဂ္ဂက သတိပေးထားပြီး အပစ်အခတ် ရပ်စဲရေးအတွက် နိုင်ငံတကာ ဖိအားတွေ တိုးလာနေပါတယ်။
အစ္စရေးနဲ့ ဟားမတ်စ်တို့ကြား စေ့စပ်ညှိနှိုင်းရေး ဆွေးနွေးပွဲကို မတ် ၃ ရက်မှာ အီဂျစ်မြို့တော် ကိုင်ရိုမှာ ပြန်စနိုင်တယ်လို့ အီဂျစ်လုံခြုံရေး သတင်းရင်းမြစ်နှစ်ခုက ဆိုပါတယ်။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် မျှော်လင့်ထားတဲ့ အပစ်အခတ်ရပ်စဲရေးကို မတ် ၁၀ ရက်မှာ အကောင်အထည်ဖော်ဖို့ ဆက်ကြိုးစားနေတယ်လို့လည်း အချက်ပြထားပါတယ်။
Source/Photo-Reuters