Home
မြန်မာသတင်း
အထောင်မြို့က ဒေသခံ လူငယ် ၁၁ ဦးကို နိုင်ငံရေးလုပ်သည်ဟု စွပ်စွဲဖမ်းဆီး
DVB
·
March 3, 2024
Ah Htaung_03032024

ဧရာဝတီတိုင်း၊ ကျုံပျော်မြို့နယ်၊ အထောင်မြို့က ဒေသခံ လူငယ် ၁၁ ယောက်ကို နိုင်ငံရေးလုပ်တယ်လို့ စွပ်စွဲပြီး ဖေဖော်ဝါရီလထဲမှာ စစ်တပ်က ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ 

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၉ ရက်အထိ ၁ လအတွင်း အထောင်တိုက်နယ်၊ အင်းတယော်ကျေးရွာအုပ်စုက ကိုဖရက်ဒီကို ဆိုသူအပါအဝင် ဒေသခံလူငယ် ၁၁ ယောက်ကို နိုင်ငံရေးလုပ်နေတာကြောင့်လို့ စွပ်စွဲပြီး စစ်ကောင်စီတပ်သားတွေက နေအိမ်တွေမှာ လာရောက်ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။ 

ဖမ်းခံရသူတွေနဲ့ နီးစပ်သူတယောက်က “စစ်ကောင်စီတပ်သားတွေ ဖမ်းဆီးခဲ့ပြီး ရိုက်နှက် စစ်ဆေးနေ တယ်လို့သိရတယ်။ နိုင်ငံရေးလုပ်နေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ဖမ်းဆီးခဲ့တာ။ စ အဖမ်းခံရကတည်းက စိတ်ထဲမှာ ဘယ်လိုမှနေလို့ မကောင်းဘူး။ ကလေးတွေက မလုပ်ပါဘူး ဘာနိုင်ငံရေးမှ” လို့ ပြောပါတယ်။ 

အဖမ်းခံရတဲ့ လူငယ် ၁၁ ယောက်ဟာ အသက် ၂၀ ကျော် အရွယ်တွေဖြစ်ပြီး အထောင်မြို့ရဲစခန်းမှာ လတ်တလော စစ်ဆေးနေတယ်လို့သိရပြီး ရိုက်နှက်စစ်ဆေးခံရတာကြောင့် ပြင်းထန်တဲ့ ဒဏ်ရာတွေရရှိပြီး သတိလစ်တဲ့အထိဖြစ်နေတဲ့သူတွေလည်း ရှိတယ်လို့ သိရပါတယ်။ 

ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတယောက်က “အခု  လူငယ်တွေကို ရဲစခန်းမှာထားပြီး စစ်ဆေးနေတာတဲ့။ စစ်တာကကျတော့ စစ်သားတွေက စစ်တာ၊ သူတို့က ရိုက်နှက် မေးမြန်းတာတွေ လုပ်နေတယ်။စစ်ဆေးနေတုန်းပဲ။ အရင်ဆုံး အဖမ်းခံနေရတဲ့ ကိုဖရက်ဒီကတော့ ပိုစစ်ဆေးခံနေရတယ်။ သူ့ကို ဦးဆောင်သူ ဆိုပြီးတော့” လို့ ပြောပါတယ်။ 

ကျုံပျော်မြို့နယ်၊ အထောင်မြို့မှာ ဒေသခံလူငယ်တွေ ဆက်တိုက်အဖမ်းခံခဲ့ရတာကြောင့် တချို့လူငယ်တွေလည်း ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ ဒေသခံတွေက ဆိုပါတယ်။ 

ဇန်နဝါရီ ၆ ရက်ကလည်း ကျုံပျော်မြို့နယ်၊ မဂူရိုးကျေးရွာက  ရာအိမ်မှူး ဦးသန်းမင်းအောင်နဲ့ ဆယ်အိမ်မှူး ဦးငွေသိန်းတို့ သတ်ဖြတ်ခံရတာနဲ့ ဆက်စပ်ပြီး ဒေသခံ ၇ ယောက်ထက်မနည်း ဖမ်းဆီးခံခဲ့ရသေးတယ်လို့ သိရပါတယ်။

ဓာတ်ပုံ - ဒေသခံ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013