Home
မြန်မာသတင်း
ကျားဖြန့် ငွေလိမ်လုပ်ငန်းလုပ်ကိုင်သည့် တရုတ်နိုင်ငံသား ၃၀၀ ကျော်ကို ထပ်မံလွှဲပြောင်းပေး   
DVB
·
March 3, 2024
Online Liar Gang chinese return Myawaddy 2 Bridge_03032024

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ရှိ တရားမဝင်လောင်းကစား ကျားဖြန့် အွန်လိုင်းငွေလိမ်လုပ်ငန်းမှာ လုပ်ကိုင်ခဲ့တဲ့ တရုတ်နိုင်ငံသား  ၃၆၈ ယောက်ကို  တတိယအသုတ်အဖြစ် မတ်လ ၂ ရက် မွန်းလွဲပိုင်းမှာ မြန်မာဘက်က ထိုင်းနိုင်ငံကနေတဆင့် တရုတ်အာဏာပိုင်တွေထံ ပြန်လည် လွှဲပြောင်းအပ်နှံ လိုက်ပါတယ်။

ပြန်လွှဲပေးလိုက်တဲ့ တရုတ်နိုင်ငံသားတွေဟာ တရုတ်အစိုးရက အလိုရှိနေသူတွေဖြစ်ပြီး မြန်မာ လူဝင်မှုကြီးကြပ်ရေး တာဝန်ရှိသူတွေက  ၁၉၄၇ ခုနှစ်အက်ဥပဒေ ပုဒ်မ ၇(၂)အရ  ပြည်နှင်ဒဏ်ပေးပြီး လွှဲပြောင်းပေးလိုက်တာလည်းဖြစ်ပါတယ်။

မြန်မာ-ထိုင်းနယ်စပ် ချစ်ကြည်ရေး တံတားအမှတ် ၂ ကနေ ထိုင်းနိုင်ငံ တာ့ခ်ခရိုင် မဲဆောက်မြို့ဘက်ကို  မြန်မာ၊ ထိုင်းနဲ့  တရုတ် သုံးနိုင်ငံ  သဘောတူညီချက်နဲ့ တရားဝင် လွှဲပြောင်းပေးခဲ့တာ ဖြစ်ပါတယ်။

အွန်လိုင်းငွေလိမ်လုပ်ငန်းမှာ လုပ်ကိုင်သူ ထိုင်းလူမျိုး ၉၂ ဦးအပါအဝင်  နိုင်ငံခြားသား ၉၉၇ ဦးကို မြဝတီမြို့မှာ ကရင်နယ်ခြားစောင့်တပ်  BGF  တပ်က ထိန်းသိမ်းထားကာ ဖေဖော်ဝါရီ ၂၉ ရက်ကနေ မတ်လ ၅ ရက်နေ့အထိ အသုတ်လိုက်ခွဲပြီး သက်ဆိုင်ရာနိုင်ငံတွေဆီ ပြည်နှင် လွှဲပြောင်းပေးနေတာ ဖြစ်ပါတယ်။

တရားမဝင် ငွေလိမ်ဂိုဏ်းကိုတွေဟာ ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် မြဝတီမြို့နယ် ရွှေကုက္ကိုလ်ဒေသရှိ  BGF ထိန်းချုပ်ထားတဲ့နေရာမှာ အဓိကလုပ်ကိုင်နေကြတာဖြစ်ပါတယ်။

ကရင်နယ်ခြားစောင့် BGF တာဝန်ရှိသူတဦးကတော့ ကရင်ပြည်နယ်အတွင်း စီးပွားရေးနဲ့ ဒေသဖွံ့ဖြိုးရေးအတွက်  ဘယ်နိုင်ငံသားကိုမဆို မြန်မာနိုင်ငံဘက်မှ ဖိတ်ခေါ်ထားပြီး တရားမဝင် ငွေလိမ်ဂိုဏ်းကိုတော့ လက်ခံနိုင်မှာမဟုတ်ဘူးလို့  ပြောပါတယ်။  

ဖေဖော်ဝါရီ ၂၉ ရက်ကလည်း တရားမဝင်လောင်းကစား အွန်လိုင်းငွေလိမ်လုပ်ငန်းမှာ လုပ်ကိုင်ခဲ့တဲ့ တရုတ်နိုင်ငံသား အယောက် ၁၅၀ ကို ပထမအသုတ်အဖြစ်လည်းကောင်း မတ်လ ၁ ရက်မှာ  တရုတ်နိုင်ငံသား  ၃၆၈ ယောက်ကို  ဒုတိယအသုတ်အဖြစ် မြန်မာဘက်က ထိုင်းနိုင်ငံကနေတဆင့် တရုတ်အာဏာပိုင်တွေထံ ပြန်လည် ပြည်နှင် လွှဲပြောင်းအပ်နှံလိုက်ပါတယ်။

မြန်မာနိုင်ငံထဲကို တရားမဝင်လာရောက်ပြီး  အွန်လိုင်းကနေ ငွေလိမ်လုပ်ငန်းတွေ လုပ်ခဲ့တဲ့ တရုတ်နိုင်ငံသားတွေကို အရေးမယူဘဲ အရင်ဆုံး ပြန်လွှဲပေးနေတာဖြစ်ပါတယ်။ ကျန်ရှိတဲ့ ထိုင်းနဲ့ တခြားနိုင်ငံသားတွေကိုလည်း ဆက်လက် ပြည်နှင်ဒဏ်ပေးပြီး ပြန်လွှဲပေးသွားဖို့ အစီအစဉ်ရှိနေပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013