Home
မြန်မာသတင်း
ဧရာဝတီတိုင်းမှ ရခိုင်ပြည်နယ်ဘက်ကို ကုန်စည်သယ်ယူခွင့် စစ်တပ်က ပိတ်ပင်
DVB
·
March 3, 2024
SAC Block Ayeyarwaddy Carry_03032024

ဧရာဝတီတိုင်းကနေ ရခိုင်ပြည်နယ်ဘက် ကုန်စည်ပို့ဆောင်သယ်ယူခွင့်ကို စစ်ကောင်စီက ပိတ်ထားတယ်လို့ ပုသိမ်အ‌ခြေစိုက် ကုန်စည်ပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်တဲ့ လုပ်ငန်းရှင်တွေဆီက သိရပါတယ်။ 

ဖေဖော်ဝါရီ တတိယအပတ်ကစတင်ပြီး  မတ်လ ၃ ရက် အထိ ရခိုင်ပြည်နယ်ဘက်ကို စက်သုံးဆီ၊ ဆန်၊ စားသုံးဆီ၊ ကြက်သွန်၊ အာလူး၊ ငရုတ်နဲ့ မီးဖိုချောင်သုံး စားသောက်ကုန်တွေသာမက ဂေါ်ဖီ၊ ဖရဲသီး၊ ကန်ဇွန်းဥ၊ ပြောင်းဖူး၊ သစ်သီးမျိုးစုံ စတဲ့ စားနပ်ရိက္ခာ ကုန်ပစ္စည်းတွေ သယ်ယူပို့ဆောင်ခွင့်ကို ပိတ်ထားတာလို့ ဆိုပါတယ်။ 

ပုသိမ်မြို့က ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင်တယောက်က “လှည့်ကို ပြန်လာခဲ့ရတာ။ သူတို့က တင်ပို့ သယ်ယူခွင့် ပိတ်ထားတယ်လို့ ကြိုပြောတာမဟုတ်ဘူး။ ဂိတ်ရောက်မှ ဆက်သွားခွင့်မပေးတာ။ သက်သက်ဒုက္ခပေးနေသလိုပဲ၊ အချိန်ကုန် ငွေကုန် လူပန်း ကုန်တွေ ပျက်စီးတာတွေ ဖြစ်ကုန်တယ်” လို့ ပြောပါတယ်။

ရခိုင်ပြည်နယ်နဲ့ တဆက်စပ်တည်းရှိပြီး ရေလမ်း၊ ကုန်လမ်းခရီး တိုက်ရိုက်ရောက်တဲ့ ပုသိမ်၊ လပွတ္တာ၊ ငပုတော၊ သာပေါင်း၊ ငရုတ်ကောင်း၊ ချောင်းသာ၊ ငွေဆောင်၊ ရွှေသောင်ယံ၊ ဘိုကလေး၊ ဒေးဒရဲ၊ ဖျာပုံ စတဲ့ ဒေသတွေမှာလည်း ကုန်စည်နဲ့ လူအဝင်အထွက်တွေကို တင်းကျပ်စစ်ဆေးနေတာလို့ ကုန်စည် သယ်ယူရေး လုပ်ငန်းရှင်တွေက ဆိုပါတယ်။ 

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ၊ ရခိုင်ပြည်နယ်ထဲက စစ်ကောင်စီတပ်စခန်းတွေကို ရက္ခိုင့်တပ်တော်(အေအေ)က စတင်တိုက်ခိုက်ကတည်းကပဲ ရခိုင်ပြည်နယ်ရဲ့ အဝင်အထွက် လမ်းအားလုံးကို စစ်ကောင်စီက ပိတ်ပစ်ခဲ့သလို တမြို့နဲ့တမြို့ သွားလာခွင့်နဲ့ ကုန်ပစ္စည်း သယ်ယူခွင့်တို့ကို ပိတ်ပင်တားမြစ်ထားခဲ့တာပါ။

လုပ်ငန်းရှင်တယောက်က “ကုန်ပစ္စည်းတွေမနည်း ပျက်စီးကုန်တာ။ အခုက စကစဘက်က  ကုန်စည်တွေကို ရခိုင်ပြည်နယ်နဲ့ နယ်မြေထိစပ်နေတဲ့ မြို့နယ်တွေအတွင်းကိုပါ သယ်ယူခွင့် မပြုတော့တာ။ စစ်ရေးနဲ့ဆိုင်လို့လား ဒါက။ အလုပ်လုပ်ရတာ ဘာမှန်းမသိတော့ဘူး။ စက်သုံးဆီတွေ၊ ဆန်တွေ၊ စားသုံးဆီတွေ၊ ငရုတ်တွေ အဲဒီလို ကုန်စည်တွေက ပြန်သယ်ယူလို့ရတယ်။ အသီးအရွက်တွေက ပျက်စီးဆုံးရှုံးကုန်တာပေါ့” လို့ ပြောပါတယ်။ 

ပြီးတော့ ရခိုင်ပြည်နယ်ကို ကုန်လမ်းခရီး တိုက်ရိုက်ရောက်တဲ့ ကြံခင်း၊ ဘက်ရဲ၊ လေးမျက်နှာ၊ ‌ရေကြည်၊ ငသိုင်းချောင်း၊ သာပေါင်း၊ ချောင်းသာ စတဲ့ ရခိုင်ရိုးမအတွင်းကို မကြာခဏ စစ်ကြောင်းထိုးနေတယ်လို့လည်း ဒေသခံတွေဆီက သိရပါတယ်။ 

ဒါ့အပြင် ရခိုင်ပြည်နယ်က ရခိုင်သားတွေ ဟိုင်းကြီးကျွန်းနဲ့ ချောင်းသာကို ပြောင်းလာတယ်လို့ ဆိုပြီး စစ်တပ် အင်အား အယောက် ၂၀ လောက်နဲ့ ညအချိန်တွေမှာ လိုက်လံဖမ်းဆီး စစ်ဆေးတွေ ဆက်တိုက်လုပ်နေပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013