Home
မြန်မာသတင်း
ကနီတွင် တိုက်ပွဲပြင်းထန်၊ ကောလင်းမြို့နယ်က ကျေးရွာများကို စစ်တပ်က ဆက်တိုက်မီးရှို့နေ
DVB
·
March 3, 2024
Kaw Lin villages FireBy SAC_03032024
Kaw Lin villages FireBy SAC 1_03032024

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ကနီမြို့မ ရဲစခန်းကို မတ် ၂ ရက် မနက် ၅ နာရီလောက်က ပြည်သူကာကွယ်ရေးတပ်ပေါင်းစုက ဝင်ရောက်တိုက်ခိုက်ရာမှ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က အကျအဆုံး အထိအခိုက်များတာကြောင့် မနက် ၈ နာရီကျော်ကနေ ၉ နာရီခွဲကျော်အချိန်အထိ ဂျက်ဖိုက်တာနဲ့ ဗုံးသီးအကြီးတွေနဲ့ ပထမအကြိမ် ကြဲချခဲ့ပြီး Mi35 လေယာဉ်နဲ့လည်း မနက် ၉ နာရီကျော်ကနေ ၁၀ နာရီအထိ ပစ်ခတ်သွားတယ်လို့ ဆိုပါတယ်။

“တိုက်ပွဲက ပြင်းထန်တယ်ဗျ။ အရင်ဆုံး မြေပြင်ကနေ နှစ်ဖက် အပြန်အလှန် ပစ်ခတ်ပြီး တိုက်ပွဲဖြစ်ကြတယ်။ မနက်ခင်း ၈ နာရီကျော်အချိန်လောက်ရောက်တော့ စစ်ကောက်စီဘက်က လေယာဉ်နဲ့ လာဗုံးကြဲတော့တာပဲဗျ။ ကျနော် ကနဦးသိတာက ဘော်လုံးကွင်းအနီးအနားလည်း ပစ်ခတ်ဗုံးကြဲတယ်။ ကနီတောင်ပေါ်နဲ့ ကျွန်းရွာကြားလည်း ပစ်ခတ်ဗုံးကြဲတယ်။ နှစ်ဖက် အသေအဆုံးကတော့ မသိရသေးဘူး။ အရပ်သား သေဆုံးမှုတွေကတော့ များသလို ဝန်ထမ်း သေဆုံးမှုတွေလည်း များတယ်ဗျ။ သေဆုံးသူအများစုကတော့ ရပ်ကွက် ၃ နဲ့ ရပ်ကွက် ၁ ရဲစခန်းအနီးနဲ့ ရုံးဌာနတွေအနီးက ပြည်သူတွေဖြစ်တယ်” လို့ ကနီ အမှတ် ၃ ရပ်ကွက်နေ ပြည်သူတဦးက ပြောပါတယ်။

‌နှစ်ဖက်ထိတွေ့တိုက်ပွဲမှာ စစ်ကောင်စီဘက်က သေဆုံးမှု များပြားသလို ပြည်သူ့ကာကွယ်ရေးတပ်က ရဲဘော် ၁ ဦး ကျဆုံး၊ ၃ ဦး မစိုးရိမ်ရ ဒဏ်ရာရရှိထားပြီး အရပ်သားသေဆုံးမှု အရေအတွက်ကိုတော့ ဒီဗွီဘီအနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

ပြည်သူ့ကာကွယ်ရေးတပ်နဲ့ နီးစပ်သူတဦးကတော့ “တယောက်ကျတာတော့ ဟုတ်တယ်၊ ခရိုင်ယင်း ၁ ရဲဘော်ကျတယ်၊ ကျောက်လုံးကြီးအဖွဲ့က ၃ ဦးကတော့ မစိုးရိမ်ရဒဏ်ရာရတယ်။ နောက်ပြီး ဆေးရုံဝန်ထမ်း၊ ပညာရေးဝန်ထမ်းတချို့ကိုလည်း ကျနော်တို့ဘက်က ကယ်ထုတ်လာနိုင်ခဲ့တယ်။‌ အသေးစိတ်ကတော့ တာဝန်ရှိသူတွေ ထုတ်ပြန်ပါလိမ့်မယ်” လို့ ပြောပါတယ်။

စစ်ကောင်စီက မနက် ၈ နာရီကျော်ကနေ ညနေ ၄ နာရီအထိ လေကြောင်းကနေ လေယာဉ်နဲ့ ၄၇ ကြိမ်လောက် ပစ်ခတ်ခဲ့တာဖြစ်ပြီး သေဆုံးပျက်စီးအရေအတွက်ကတော့ မသိရသေးပါဘူး။

အခုတိုက်ပွဲကို ယင်းမာပင်ခရိုင်အတွင်းက တပ်ရင်း၊ တပ်ဖွဲ့ အားလုံးနဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တို့ တိုက်ခိုက်ခဲ့တာလည်းလို့ သိရပါတယ်။

နှစ်ဖက် ထိတွေ့တိုက်ပွဲအတွင်းမှာ အရပ်သားတွေ ပိတ်မိနေတာတွေလည်း ရှိနေပြီး တိုက်ပွဲအတွင်းကနေ ထွက်ပြေး လွတ်မြောက်သူတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

စစ်ကိုင်းတိုင်း ကောလင်းမြို့ပေါ်နဲ့ အနီးအနားဝန်းကျင်ကျေးရွာတွေကိုလည်း စစ်ကောင်စီတပ်က နေ့စဉ်နီးပါး မီးရှို့နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မတ် ၂ ရက်နေ့ မနက်မှာလည်း စစ်ကောင်စီတပ်က တိုက်ပွဲမဖြစ်ဘဲ ကောလင်းမြို့နယ် ရွာမရွာကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၉ ရက်နေ့မှာလည်း ကျောက်တန်းရွာနဲ့ ငါးကြီးအိုင်ရွာကိုလည်း မီးရှို့ဖျက်ဆီးခဲ့ပြီး ငါးကြီးအိုင်ကတော့ တရွာလုံးနီးပါး ဆုံးရှုံးခဲ့ပြီး စာရင်းအ​သေးစိတ်ကိုတော့ မသိရသေးဘူးလို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

“ဒီရက်ထဲ မီးရှို့တာ ကောလင်းမြို့ထဲက ကျောက်တန်းရွာရှိမယ်၊ ငါးကြီးအိုင်ရွာရှိမယ်၊ ရွာမ ရှိမယ်ဗျ။ ရွာမကတော့ ကောလင်းမြို့အနောက်ဘက် ကပ်လျက်မှာ တည်ရှိပြီး တိုက်ပွဲမရှိပါဘူးဗျ။ အခုက ငါးကြီးအိုင်နဲ့ ကျောက်တန်းက စကစတပ်တွေက ခံသာကို စစ်ကြောင်းထိုးနေပါတယ်ဗျ” လို့ Kawlin Revolution KR တာဝန်ရှိသူက ပြောပါတယ်။

စစ်ကိုင်းတိုင်း ကောလင်းမြို့ကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေက ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၆ ရက်နေ့မှာ သိမ်းပိုက်ထိန်းချုပ်ခဲ့တာပါ။

ကောလင်းကို စစ်ကောင်စီတပ်က ပြန်လည်သိမ်းပိုက်ဖို့အတွက် ဖေဖော်ဝါရီ ၃ ရက်နေ့ကတည်းက အင်အား ၈၀၀ ကျော်ပါ စစ်ကြောင်း ၄ ကြောင်းနဲ့ ထိုးစစ်ဆင်တိုက်ခိုက်နေပြီး ဖေဖော်ဝါရီ ၁၄ ရက်နေ့မှာ ပြန်လည်သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

လက်ရှိအချိန်မှာ စစ်ကောင်စီတပ်က ကောလင်းမြို့ပေါ် ၈ ရက်ကွက်ကို ပြန်လည်ထိန်းချုပ်ထားပြီး အနီးအနားဝန်းကျင်တွေကို စစ်ကြောင်းထိုး မီးရှို့နေတာ ဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013