(က)
“ပြာလွင်လွင် ဝေဟင်ထဲ ဝဲလာတဲ့ ငှက်ငယ်ရယ် . . .
အိုး . . . ဝို . . . ဝူး . . . ဝို . . .
လေဟုန်စီး ခရီးနယ်ပယ် အပြောကျယ်ကျယ် . . .
တောင်ပံတဖျပ်ဖျပ် တွင်တွင်ခတ်လို့
မရပ်မနား အားစိုက်ပျံသန်းတယ် . . .
ဒို့များလည်း အားကျပါရဲ့ မင်းလိုပုံနှယ်
တောင်ပံလေးများ ရနိုင်ရင်တော့ လိုချင်သားကွယ်
ဒါမှ ချစ်တဲ့သူရှိရာ မင်းလိုပဲ ဒို့လည်းပျံနိုင်မယ် . . .
ဝေဟင်မှာ လေအလျင်စီး ယီးလေးလေ့ ခိုကာကွယ်
မောင့်ဆီကို မနားတမ်း ဝဲပျံကာရယ်
ချစ်ခွန်းတွေ ဖွဲ့ကာ ဖွဲ့ကာ သူ့ကို နွဲ့ဆိုး ဆိုးလိုက်မယ်ကွယ်. . ."
ချမ်းစိမ့်စိမ့်မနက်ခင်း ရေနွေးကြမ်းဝိုင်းမှာ စကားကောင်းနေကြခိုက် ကြားလိုက်ရတဲ့ သီချင်းလေးက ကြည်နူးစရာ။
“အဲဒါ ဟိုးတုန်းက နာမည်ကျော်ပေါ့၊' မိုးယံမှသည် ချစ်သူဆီသို့ ‘ခေါင်းစဉ်နဲ့ ထင်တယ်” ဟု အဘစောမူးသာက ပြောပါ၏။ ထိုအခါ စစ်ပြန်ကြီး အဘလုံးတုံးကလည်း ပြော၏။
“ငါတို့ ခပ်ငယ်ငယ် တပ်ထဲမှာ ထမင်းတန်းစီရင် ဆိုနေကျ သီချင်းလေးပေါ့ကွ။”
ထမင်းတန်းစီပြီး ထမင်းခပ်ထည့်ပေးသည့် တာဝန်ကျသူကိုကျော်လျှင် ပဲဟင်း ဘာညာ ထမင်းပေါ် ခပ်စမ်းပေးသည့်သူဆီရောက်ပြီး တခါတစ်ခါ 'ကြက်သားဟင်း' စားရတတ်သည့် ရှားရှားပါးပါးနေ့တွေမှာ အနှီသီချင်းကို ရဲဘော်တွေ ဆိုကြပါသတဲ့။
“‘ကြက်သားဟင်း’ ဆိုပေမယ့် တကယ်တော့ ‘အရိုးတွေ’ချည်းပဲ ချက်ကျွေးတာပါ။” ဘူးသီးနိုင်းချင်းနှင့် ကြက်ရိုးပါလေရုံဟင်းထဲမှာ ကြက်ခြေထောက်တွေများပြီး ‘အတောင်ပံ’ ကား ရှာမှရှားပါတဲ့။ ဘာပဲဖြစ်ဖြစ် ဤအတောင်ပံမှာကား ‘အသား’ ပါရှိလေရာ အတောင်ပံရဖို့ ဆုတောင်းကြရပါသတဲ့။ ဒါကြောင့်မို့ ‘မီးဖိုကြီး’ က ဟင်းခပ်ထည့်ပေးလေ့ရှိသည့် ဆရာတွေကို မျက်နှာချိုသွေးထားကြရကြောင်း ပြောပြပါလေ၏။
“အဲသည် ‘အတောင်ပံလေးများ ရနိုင်ရင်တာ့ လိုချင်သားကွယ်’ ဆိုတာကို ‘တပ်မတော်စာစဉ်’ မှာပါ ကာတွန်းတွေ ဆွဲကြတာ”
“ဟားဟား ဟားဟား ဟားဟား ဟားဟား”
အဘလုံးတုံးအပြောမှာ အဘစောမူးသာ ပြုံးစိစိလုပ်နေတာ မြင်ရပါလေ၏ ခင်ဗျာ။ ပြီးတော့ စိမ်းသရဖူစိမ်း အဘစိမ်းမောင်ကို မေးပါလေတော့၏။
“လေတပ်ထဲမှာ မင့်တူတကောင် ရှိသေးတယ်နော်၊ ဒီကောင် အမြင်မှန်မရသေးဘူးလား၊ CDM မလုပ်သေးဘူးလား”
“ဘာဖြစ်လို့လဲ”
“ ‘ငှက်ကင်တွေ’ မကြာခဏ ရရနေပြီဖြစ်လို့ ဖိုက်တာမောင်းနေတဲ့ ဒီကောင့်ကို သီချင်းလေး ဆိုပြချင်လို့ပါကွာ”
အဘစိမ်းမောင်ကို ပြောပြီးသည်နှင့် ရေနွေးကြမ်းခွက်ကို မော့ချကာ လည်ချောင်းရှင်းလိုက်ပြီးနောက် အဘစောမူးသာ၏ အောင်မြင်ခိုင်ခံ့လှသည့် ဘယ်သံဝါကြီးကို ကြားကြရပါ၏။
“ပြာလွင်လွင် ဝေဟင်ထဲ ဝဲလာတဲ့ ငှက်ကင်ရယ်
အိုး . . . ဝို . . . ဝူး . . . ဝို
လေဟုန်စီး ခရီးကျွံတယ် အပြော ကျယ်ကျယ် . . .
တောင်ပံ တဖက် တချက် ကျည်ဆန်သက်လို့ မရပ်မနား အားစိုက်ပျံပြေးတယ် . . .
ဒို့များလည်း အားရပါရဲ့ ဒင်းလို ပုံနှယ်
တောင်ပံလေးများ ထိနိုင်ရင်တော့ ဆော်ချင်သားကွယ်
ဒါမှ သူ့အဘတွေရှိရာ တပ်ကိုလည်း လေဘဲ မပျံနိုင်မယ် . . .
ဝေဟင်မှာ လေဘဝင်ကြီး ရီး လို့ပဲ အော်ကာကွယ်
အဘဆီကို မနားတမ်း ဝဲပျံကာရယ်
ငှက်ဆိုးတွေ ပဲ့ကာ ရွဲ့ကာ အဘကို ဒဲ့တိုး ထိုးစိုက်ပါကွယ်. . .”
“တူ့ နဲ့ နဲ့ တယ် . . . တူ့ နဲ့ နဲ့ တယ် . .
တူ့ နဲ့ နဲ့ တူ့ နဲ့ နဲ့ တူ့ နဲ့ နဲ့ တယ် . . . ”
“ဝါး . . ဟားဟား ဟားဟား ဟားဟား ”
( ခ )
အဘနှစ်ဦး၏ ပါးစပ်ဆိုင်းနှင့် အဆိုကို ကြားအပြီး ပေါ့ပေါ့ပါးပါး တဝါးဝါး ဖြစ်နေကြချိန်မှာ အဘစိမ်းမောင်ကား ထုံးစံအတိုင်း ရူတည်တည်ကြီးပါ။ အရွှင်အဘတွေ ‘ကြပ်’ ကြတာလည်း မပြောနှင့်၊ ရပ်ကျေးအစိမ်းဥက္ကဋ္ဌ အဘစိမ်းမောင်နှင့် ဇနီး သားကြီး သားငယ် အကုန်လုံး ‘စိမ်းသရဖူစိမ်း’ ကြရုံမျှမက လက်ရှိဖက်ဆစ်တပ်ထဲမှာလည်း ကြည်းကော ရေကော လေမှာပါ အမျိုးအရင်းတွေ ရှိနေကြဆဲကိုး။
ဟိုဘက်တလောကတောင်မှ ကြည်းတပ်ထဲက အဘစိမ်းမောင့်တူတကောင် တော်လှန်ရေးတပ်ဖွဲ့တွေထံ အညံ့ခံကြတဲ့အုပ်စုထဲမှာ ပါသလိုလို၊ လက်နက်ချတဲ့အဖွဲ့ထဲမှာပဲ ပါသလိုလို သတင်းတွေ ရွာထဲပျံ့ခဲ့သေးပါသဗျ။
“ဒါနဲ့ စိမ်းမောင် . . . ခြေလျင်တပ်ထဲက မင့်တူတကောင် အခု ဘယ်မှာလဲ၊ ရှမ်းမြောက်မှာလား၊ ကရင်နီမှာလား၊ ရခိုင်ဘက်မှာလား”
“ငါ မသိဘူး မူးသာ . . .”
“မင်းကွာ . . . ကိုယ့်တူ ကိုယ့်သား ဘယ်တပ်မှာလည်းဆိုတာတော့ သိသင့်ပါတယ်ကွာ”
“ငါမသိဘူး . . . အဆက်အသွယ်ပြတ်နေတာ ကြာလှပြီဟ”
“အင်း . . ဒါနဲ့ ဟိုဘက်လက ရွာထဲမှာသတင်းထွက်နေတာ . . . မင့်တူ လက်နက်ချတယ်ဆိုလား . . . CDM လုပ်တယ်ဆိုလား . . .”
“တော်ကွာ မူးသာ . . . ငါတို့အမျိုးက ဘာဖြစ်လို့ လက်နက်ချရမှာလဲ၊ ဘာဖြစ်လို့ CDM လုပ်ရမှာလဲ”
“သိဘူးလေကွာ . . . ရွာထဲမှာ တီးတိုးတီးတိုး ပြောနေကြတာကို ကြားရလို့ပါကွာ”
“တောက် . . . . . ”
အဘစိမ်းမောင်ထံမှ တက်ခေါက်သံ ကြားရပါ၏။ အဘစောမူးသာနှင့် အဘလုံးတုံးတို့က ဖေကြီးအား ပြုံးဖြဲပြုံးဖြဲဖြင့် အမှုလှမ်းတွဲကြပါလေ၏။
“ဖေကြီးရေ . . . ဒီလောက်ဆိုရင် ကြင်စိုး သာ၀ မအလရဲ့ ခေါင်းရှောင်မှုအရည်အချင်းကို ခါးပိုက်ဆောင်တပ်သားတွေ သဘောပေါက်သင့်ပြီ ထင်တယ်နော်”
“ဟုတ်ကဲ့ အဘ”
“အေး . . . တိုက်တိုင်းရှုံး၊ ပို့တိုင်းကြွ၊ ထိတိုင်းကွဲ၊ လွှတ်တိုင်းပျောက်ဖြစ်နေပြီး လေကြောင်း ပစ်ကူပေးလည်း ဘယ်လိုမှ မစွမ်းဆောင်နိုင်ကြတော့တဲ့ ကာလဆိုးကြီးမှာ ဒီကောင်တွေမှာ လုပ်စရာတခုပဲ ရှိတော့တယ်မဟုတ်လား”
“ဘာလုပ်ရမှာလဲ အဘ”
“ပြည်သူ့ရင်ခွင် ခိုလှုံကြရမယ်၊ အလံဖြူ ထောင်ကြရမယ်၊ အမြန်ဆုံး ဘက်ကူးပြောင်းကြရမယ်၊ ဒါမှ ကိုယ့်အသက်လည်းရှင်မယ်၊ ကိုယ့်မိသားစုနဲ့ ကိုယ့်သားသမီးတွေ အနာဂတ်လည်း ပြန်လည် လှပလာလိမ့်မယ်။”
“ဟုတ်ကဲ့ အဘ”
“မအလတပ်ထဲမှာ ဆက်နေလို့ကတော့ ကိုယ်လည်း အမြန်ဆုံးမသာပေါ်မယ်၊ မိ သားစုတွေကိုလည်း ပင်စင်ထုတ်မပေးဘဲ လိုင်းခန်းကနေ မောင်းအထုတ်ခံရမယ်”
“အ လယ် လယ် . . . လယ်။” အဘလုံးတုံးက ပြုံးစပ်စပ်ဖြင့် ဝင်၍ အာမေဋိတ်သံပြုလေရာ အဘစိမ်းမောင်က မျက်စောင်းလှမ်းထိုးပါလေ၏။ အဘလုံးတုံးက မသိချင်ယောင်ဆောင်ပြီး စကား ဆက်ပါလေ၏။
“ဒါနဲ့ တိုက်ပွဲတွေမှာ မအလကြီး လှူနေတဲ့ စစ်လေယာဉ်တွေကို 'ငှက်' လို့ခေါ်ပြီး၊ စစ်ရဟတ်ယာဉ်တွေကို 'ပုဇဉ်း' လို့ ခေါ်ကြတာ လိုက်ဖက်သားဟ၊ အလှူ လက်ခံရရှိတဲ့ 'တင့်ကား' တွေကျ ဘယ်လိုခေါ်ရင် အဆင်ပြေမလဲ စိမ်းမောင်။”
“ဟမ် . . . ငါ ဘယ်သိမလဲဟ”
“ဟားဟား ဟားဟား ဟားဟား ဟား”
“နာမည်လေးတခုလောက် မှည့်ပေးကြည့်ပါလား စိမ်းမောင်ရ”
“ငါက ဘာဖြစ်လို့ ပေးရမှာလဲကွ”
“ဟားဟား ဟားဟား ဟားဟား ဟားဟား”
ခဏနေတော့ အဘလုံးတုံးကလည်း အဘစောမူးသာ့အလိုက်နှင့်ပင် သီချင်းတပိုဒ် ဆိုလာပါလေတော့၏ ခင်ဗျာ။
“မြေပြင်မှာ လေတွေ ကြီး ‘တင့် ကား’ လည်း ပါပါတယ်
အဘကြင်ဟာ အမြဲတမ်း လှည့်လှူကာရယ်
တင့်ကားတွေ ပဲ့ကာ ရွဲ့ကာ သူ့ကို နာမည်တမျိုး ပေးလိုက်ပါကွယ် . . .”
(ဂ)
အဘစောမူးသာနှင့် အဘလုံးတုံးတို့ကား အတိုင်အဖောက်မိနေပါလေပြီ၊ အဘစိမ်းမောင်ကား ဖင်တကြွကြွဖြစ်နေလေပြီတည်း။ အရွှင်အဘတွေက အလှူ ပေးလာသည့် မအလ၏ 'တင့်ကား' များကို ခေတ်နှင့်အညီ ဘယ်လိုလိုက်ဖက်မည့်အမည်ကို အဘစိမ်းမောင်အား မှည့်ပေးပါဆိုတော့ ဟိုက တင်းပြီပေါ့။
“အေးပါစိမ်းမောင်ရယ် . . . ငါတို့ဖာသာ ငါတို့ပဲ ရွေးလိုက်ပါ့မယ်”
“ဟွန့် . . . . .”
“ဒါနဲ့ ' စစ်သင်္ဘော' ကိုကျတော့ 'ငါးကင်' လို့အမည်ပေးတာ လိုက်ဖက်ရဲ့မဟုတ်လား စိမ်းမောင်ရ”
“တော်ကွာ . . . တော် . . . ငါမသိဘူး”
“ဟားဟား ဟားဟား ဟားဟား ဟားဟား”
အရွှင်အဘတွေကား တရစ်ချင်းကြပ်လာကြလေရာ အဘစိမ်းမောင်မှာ မျက်နှာကြီး ညိုပုပ်လာပါလေတော့၏။ အရွှင်အဘနှစ်ဦးကား စကားဝိုင်းကို ရအောင်ဆက်ပါ၏။
“ဒါနဲ့ လုံးတုံးရေ . . . မအလရေတပ်မှာ ‘ရေငုပ်သင်္ဘော’ တွေ လေး ငါး ခြောက်စီးတော့ ရှိနေပြီနော်”
“အေးကွ . . . ၇ စီး ၈ စီးလောက်တော့ ရှိနေပြီ မူးသာရ”
ထိုစကားကြားသည့်အခါ အဘစိမ်းမောင်မှာ စကားဝိုင်းထဲသို့ ပြန်လည်ဝင်ရောက် လာပါလေတော့၏ ခင်ဗျာ။
“ဒီမှာ မူးသာနဲ့ လုံးတုံး . . . နစကဥက္ကဋ္ဌကြီးရဲ့ ရေတပ်မှာ 'ရေငုပ်သင်္ဘော' နှစ်စီးပဲရှိတာကွ ဟကောင်တွေရ”
“ဟေ . . . နှစ်စီးမကဘူး၊ လေးငါးခြောက်စီးကို ရှိနေပါပြီကွ စိမ်းမောင်ရ”
“နှစ်စီးပဲ ရှိတာကွ . . . ငတုံးတွေရ”
“ငါတို့ရေတွက်ကြည့်ထားတာတော့ ရခိုင်မှာတင် လေးငါးစီး၊ မနေ့က ရန်ကုန်မှာတစီးလေကွာ”
“မဟုတ်ကဟုတ်ကကွာ”
“ဘာကြာသေးလို့လဲကွာ . . . ရခိုင်မှာ ဗုံးစာမိပြီး ရေထဲငုပ်သွားတာက လေးငါးစီး၊ မနေ့ကညပဲ ရန်ကုန်မြစ်ထဲမှာ ဗုံးစာမိလို့ ရေအောက်ငုပ်သွားပြန်တာက တစီးဆိုတော့ စုစုပေါင်း ရေငုပ်သင်္ဘော လေး ငါး ခြောက်စီး ရှိနေပြီပေါ့ဟ။”
“ဟမ် . . . . .”
“ဝါး . . . ဟားဟား ဟားဟား ဟားဟား”
အဘစိမ်းမောင်၏ ညိုမှောင်နေသည့်မျက်နှာကြီးကား မည်းမှောင်သည့်ဘက်သို့ ရောက်ရှိနေပါလေပြီ။ သည့်နောက် ရုတ်တရက်ထကာ ပြန်ရန်ပြင်ပြီး လှေကားအရာက်မှာ အဘစောမူးသာ၏ ဘယ်သံဝါကြီး ထပ်မံပေါ်ထွက်လာပြန်လေတော့ သတည်း။
“ပြာလွင်လွင် ရေပြင်ထဲ ကူးလာတဲ့ ငါးကင်ရယ်
အိုး . . . ဝို . . . ဝူး . . . ဝို . . .
ရေဟုန်စီး ခရီးချော်တယ် အပြော ကျယ် ကျယ် . . .
သောင်ယံ တဖက် တချက် ပြိုင်တူနက်လို့ ရပ်နားမနေအား အားစိုက်ငုပ်ပြေးတယ် . . .
ဒို့များလည်း အားရပါရဲ့ ဒင်းတို့လို ပုံနှယ်
ရေငုပ်ငါးများ ထိနိုင်ရင်တော့ ဖြို ချင်သားကွယ်
ဒါမှ သူ့အဘတွေရှိရာ တပ်ကိုပဲ သူလည်း မပြန်နိုင်မယ် . . .
ရေပြင်မှာ လေဖင်ခေါင်း မောင်းလို့ပေါ့ ကျယ်ကာကွယ်
ငရဲပြည်ကို မနားတမ်း ငုပ်ကာသာရယ်
ငါးကင် ဆိုးတွေ ပဲ့ကာ ရွဲ့ကာ
အဘတွေ ဒယ်အိုး ထိုးစိုက်မှာဟယ် . . . ”