နော်တင်ဟမ်ဖောရက်စ်နဲ့ပွဲစဉ်မှာ လီဗာပူး သွင်းယူခဲ့တဲ့ အနိုင်ဂိုးကို ခွင့်ပြုခဲ့တာက မှားယွင်းကြောင်း ဝါရင့် ဒိုင်လူကြီး ကလက်တန်ဘက်ချ်က ပြောသွားပါတယ်။
လီဗာပူးအသင်းဟာ ပွဲချိန် ၉၉ မိနစ်မှာ တိုက်စစ်မှူးဒါဝင်နူညက်ဇ်ရဲ့ ခေါင်းတိုက်ဂိုးနဲ့ အနိုင်ရခဲ့တာပါ။
အဲဒီခေါင်းတိုက်ဂိုး စတင်ဖြစ်ပေါ်လာတာဟာ ဒိုင်လူကြီးက လီဗာပူးဂိုးသမား ခယ်လဟာကို စပေးဘော ပေးရာကနေ စတင်ခဲ့တာပါ။
ကွင်းလယ်ဒိုင်ပေါလ်နီယာနေးဟာ နော်တင်ဟမ်ဖောစ်ရက်အသင်း ဘောလုံးပိုင်ဆိုင်မှု ရရှိနေချိန်မှာ ဦးခေါင်းထိခိုက်မှု အနည်းငယ်ရှိခဲ့တဲ့ နောက်ခံလူ ကိုနာတေး အခြေအနေကြောင့် ပွဲကိုရပ်တန့်ပြီး လီဗာပူးဘက်ကို စပေးဘော လုပ်ဆောင်စေခဲ့တာပါ။
ဒိုင်လူကြီးအနေနဲ့ ဘောလုံးဥပဒေအရ ဘောလုံးပိုင်ဆိုင်မှု ရရှိနေတဲ့ နော်တင်ဟမ်ဖောရက်စ်အသင်းဘက်ကိုပဲ စပေးဘော ပေးရမှာဖြစ်တာကြောင့် လီဗာပူးရဲ့ သွင်းဂိုးကို ခွင့်ပြုခဲ့တာက မှားယွင်းကြောင်း ဒိုင်လူကြီး ကလက်တန်ဘက်ချ်က သုံးသပ်သွားပါတယ်။
ပွဲသိမ်းခရာမှုတ်ချိန်မှာတော့ နော်တင်ဟမ်ကစားသမားတွေက ကွင်းလယ်ဒိုင်ဆီ သွားရောက်ပြီး စောဒကတက်ခဲ့ကြပါသေးတယ်။
Photo-Reuters