မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်က ကျေးရွာတွေမှာ လောင်းကစားဝိုင်းတွေကို ဦးဆောင်ပြီး လုပ်ကိုင်နေတဲ့ အမျိုးသားတယောက်ကို သေနတ်သမားတွေက မတ် ၂ ရက်နေ့မှာ ပစ်သတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မုက္ခမူကျေးရွာတောင်ပိုင်းနေ အသက် ၅၀ အရွယ် ဦးကျော်ဝင်းကို မွန်းလွဲ ၃ နာရီလောက်က မုက္ခမူရွာထိပ်မှာရှိတဲ့ သူ ဖွင့်ထားတဲ့ အံဂလုံ ၆ ကောင်ဝိုင်းမှာ သေနတ်သမား ၂ ယောက်က သေနတ်နဲ့ ၇ ချက် ပစ်ခတ်ခဲ့ပါတယ်။
သေနတ်နဲ့ပစ်ခတ်ခံရလို့ ဦးကျော်ဝင်းရဲ့ လက်မောင်း၊ မေးစေ့၊ နားထင်၊ နဖူး၊ နားရွက်၊ ချိုစောင်းနဲ့ နောက်စေ့တို့မှာ ကျည်ဖောက်ဝင်ဒဏ်ရာရရှိခဲ့ပြီး နေရာမှာပဲ သေဆုံးခဲ့ပါတယ်။
မုက္ခမူရွာခံတယောက်က “အာဏာသိမ်းပြီးကတည်းက ပျူစောထီးအဖွဲ့ဖွဲ့ပြီး လောင်းကစား အကုန်လုပ်နေတာ။ စစ်တပ်သတင်းပေးလည်း လုပ်နေပြီး လောင်းကစားဝိုင်းတွေကိုလည်း စစ်တပ်နဲ့ပေါင်းပြီး လုပ်နေတာ။ တရွာလုံး ကြည့်မရပေမယ့် ဘယ်သူမှ မတိုင်ရဲဘူး။ ခုလည်း လောင်းကစားဝိုင်းမှာပဲ ပစ်ခံရပြီး သေတာ။ PDF တွေ ပစ်သွားတယ်လို့ ပြောတာပဲ” လို့ ပြောပါတယ်။
ဦးကျော်ဝင်းဟာ ကျိုက်ထိုမြို့အနောက်ဘက်မှာရှိတဲ့ ကျေးရွာတွေမှာ လောင်းကစား ဒုစရိုက်မျိုးစုံကို စစ်တပ်နဲ့ပေါင်းပြီး လုပ်ကိုင်နေတဲ့ ပျူစောထီးဖြစ်တာကြောင့် ပစ်သတ်ခဲ့တာ ဖြစ်တယ်လို့ PDF တပ်ရင်း-၇၈၀၅၊ တပ်ခွဲ ၄ ရဲ့ တာဝန်ရှိသူတယောက်က ပြောပါတယ်။
“ဦးကျော်ဝင်းက ပျူစောထီးတယောက်ဖြစ်ပြီး သူ့သားကလည်း ရဲတပ်သားပဲ။ နောက်ပြီး သူက ကျိုက်ထိုမှာရှိတဲ့ ကော့ထင်း၊ မုက္ခမူ၊ ဘိုရားကြီး၊ ခလွန်တို့မှာ ကြက်ဝိုင်း၊ ဖဲဝိုင်း၊ အံဂလုံဝိုင်းနဲ့ တခြား ဒုစရိုက်လုပ်ငန်းတွေကို ပေါ်ပါ်တင်တင် လုပ်ကိုင်နေတဲ့ အတွက် ရှင်းလင်းခဲ့တာပါ” လို့ ပြောပါတယ်။
စစ်အာဏာရှင်စနစ် တိုက်ထုတ်နေတဲ့အချိန်မှာ စစ်တပ်ဒေါက်တိုင် ဆူးငြောင့်ခလုတ်တွေကို ရှင်းလင်းသွားမှာဖြစ်တဲ့အတွက် ပြည်သူတွေအနေနဲ့ စစ်ကောင်စီနဲ့ ကင်းကင်းနေစေလိုတယ်လို့လည်း သူက ဆက်ပြောပါတယ်။
သေနတ်နဲ့ပစ်သတ်ခံရတဲ့ ဦးကျော်ဝင်းအလောင်းကို ဒေသခံလူမှုကူညီရေးအဖွဲ့တွေက ကျိုက်ထိုဆေးရုံကို ပို့ဆောင်ခဲ့ပါတယ်။