Home
မြန်မာသတင်း
နေပြည်တော်တွင် လူငယ်များ နိုင်ငံကူးလက်မှတ် ပတ်စ်ပို့ လျှောက်ထားမှု ပိုမိုများပြားလာ
DVB
·
March 3, 2024
Nay-Pyi-Daw_03032024

ပြည်သူ့စစ်မှုထမ်းဥပဒေ စတင်အာဏာတည်ကြောင်း စစ်ကောင်စီက ကြေညာပြီးနောက်ပိုင်း နေပြည်တော်မှာ လူငယ်လူရွယ် အများစု နိုင်ငံကူးလက်မှတ် (ပတ်စ်ပို့) လျှောက်ထားမှု ပိုမိုများပြားလာတယ်လို့ ပတ်စ်ပို့ရုံးကနေ သိရပါတယ်။

နေပြည်တော်ပတ်စ်ပို့ရုံးမှ တာဝန်ရှိသူတစ်ဦးက “အခုနောက်ပိုင်း လူငယ်တွေ ပိုများလာတယ်။ နိုင်ငံခြားထွက်ပြီး အလုပ်လုပ်ဖို့ထက် ကျောင်းတက်ဖို့က ပိုများတယ်။ စစ်မှုထမ်းဖို့ ကြေညာတာနဲ့ ဆိုင်ချင်လည်း ဆိုင်မှာပေါ့။ အရင်နှစ်တွေကထက် ပိုများတာကတော့ အမှန်ပဲ” လို့ ပြောပါတယ်။

နအဖစစ်အစိုးရလက်ထက်က အတည်ပြုပြဋ္ဌာန်းခဲ့တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကို   ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၀ ရက်က စတင် အာဏာတည်ပြီဖြစ်တယ်လို့ စစ်ခေါင်းဆောင်က အမိန့်ထုတ်ပြန် ကြေညာခဲ့တာပါ။

ဒီကြေညာချက် ထွက်ပြီးနောက်ပိုင်းမှာ ပြည်ပထွက်ခွာလိုသူပိုမို များပြားလာခဲ့ပြီး အများစုမှာ လူငယ်တွေ ဖြစ်တယ်လို့ သိရပါတယ်။

ပြည်သူ့စစ်မှုထမ်းဥပဒေအရ စစ်မှုထမ်းရမယ့် အသက်အရွယ်ဟာ အမျိုးသား အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အထိဖြစ်ပြီး အမျိုးသမီး အသက် ၁၈ နှစ်ကနေ ၂၇ နှစ်အရွယ်အထိ ဖြစ်ပါတယ်။

လတ်တလောမှာတော့ စစ်မှုထမ်းဖို့အတွက် ရပ်ကွက်/ကျေးရွာအလိုက် စာရင်းတွေ လိုက်လံကောက်ခံနေပြီဖြစ်ပြီး အမျိုးသမီးတွေကိုတော့ ခေါ်ယူမှာ မဟုတ်သေးဘူးလို့ စစ်ကောင်စီ ပြောခွင့်ရသူက ပြောထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013