ရုရှားနိုင်ငံဟာ ယားစ် တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည်ကို အောင်မြင်စွာ စမ်းသပ်ပစ်လွှတ်နိုင်ခဲ့ကြောင်း ရုရှားကာကွယ်ရေး ဝန်ကြီးဌာနက ပြောကြားခဲ့ကြောင်း နိုင်ငံပိုင် တာ့စ်သတင်း အေဂျင်စီက ထုတ်ပြန်ပါတယ်။
ဖြုတ်နိုင်တပ်နိုင် ထိပ်ဖူးပါတဲ့ ဒုံးကျည်ကို မြောက်ပိုင်း အာ့ခ်ဟန်းဂလ်စ်ခ် ဒေသရှိ ပလေးဆက်ခ်စ် အာကာသ လွှတ်တင်ရေးစခန်းမှ ပစ်လွှတ်ခဲ့ပြီး နိုင်ငံအရှေ့ဘက်စွန်း ကမ်ချက်ကာ ကျွန်းဆွယ်ရှိ ကုရာ ပစ်ခတ်မှုနယ်မြေရှိ ပစ်မှတ်ကို ထိမှန်ခဲ့ကြောင်းလည်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။
ဒီစမ်းသပ်ပစ်လွှတ်မှုဟာ ဒုံးပျံစနစ်ရဲ့ နည်းဗျူဟာ၊ နည်းပညာပိုင်းနဲ့ ပျံသန်းမှုလက္ခဏာတွေကို အတည်ပြုဖို့ ရည်ရွယ်တာဖြစ်ပြီး လေ့ကျင့်ရေး ဘာသာရပ်အားလုံး ပြီးမြောက်ခဲ့ကြောင်းလည်း ဝန်ကြီးဌာနမှ သိရပါတယ်။
၂၀၀၇ ခုနှစ် မေလမှာ ပထမဆုံး စမ်းသပ်ခဲ့တဲ့ ယားစ် ဒုံးကျည်စနစ်ဟာ အကွာအဝေး ၁၁၀၀၀ မှ ၁၂၀၀၀ ကီလိုမီတာအထိ ရှိပြီး ကီလိုတန် ၁၀၀ မှ ၃၀၀ အတွင်း အလေးချိန်ရှိတဲ့ သီးခြား ပစ်မှတ်ချိန်ရွယ်ထားနိုင်တဲ့ ထိပ်ဖူးတွေ ၆ ခုမှ ၁၀ ခုအထိ သယ်ဆောင်နိုင်ကြောင်း မီဒီယာတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။
Source/Photo-Reuters