Home
မြန်မာသတင်း
ကျောက်ကြီးနှင့် ကျိုက်ထိုမြို့နယ်တို့တွင် စစ်ကောင်စီပစ်ခတ်မှုကြောင့် အရပ်သားများ ထိခိုက်သေဆုံး
DVB
·
March 2, 2024
war 232024

ပဲခူးတိုင်း၊ ကျောက်ကြီး(လယ်ဒို)မြို့နယ်ကို လေကြောင်းတိုက်ခိုက်တာတွေကြောင့် လူနေအိမ်တွေ အပါဝင် အရပ်သားတွေပါ ထိခိုက်သေဆုံးခဲ့တယ်လို့ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဗဟိုက ဒီနေ့ မတ် ၂ ရက်မှာ သတင်းထုတ်ပြန်ပြီး မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်မှာလည်း စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်လိုက်လို့ နေအိမ်နဲ့ ပြည်သူပိုင်အဆောက်အအုံတချို့ ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်နေ့ကနေ ၂၉ ရက်နေ့အထိ ၆ ရက်တာအတွင်း စစ်ကောင်စီဘက်က လေယာဉ်နဲ့ ပစ်ခတ်တာ၊ ဒရုန်းနဲ့ ပစ်ခတ်တာ စုစုပေါင်း ၃၆ ကြိမ် အပြင် လက်နက်ကြီး စုစုပေါင်း ၃၀၃ လုံး ပစ်ခတ်ခဲ့တာကြောင့် လူ ၁ ယောက်နဲ့ နွား ၂ ကောင် သေဆုံး၊ လူ ၁၃ ယောက်နဲ့ တော်လှန်ရေးရဲဘော် ၅ ယောက် ဒဏ်ရာရသလို နေအိမ် ၇ လုံးနဲ့ ဆေးခန်း ၁ လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ သတင်းဖော်ပြချက်တွေအရ သိရပါတယ်။

ဖေဖော်ဝါရီ ၂၄ ရက်နေ့က ဘာဘူကုန်းကျေးရွာမှာ နေရာယူထားတဲ့ စစ်တပ်က ဇီးကုန်းကျေးရွာကို လက်နက်ကြီး ၆ လုံး ပစိခတ်ခဲ့လို့ ဇီးကုန်းကျေးရွာက နေအိမ် ၂ လုံး ထိခိုက်ပျက်စီးခဲ့ပါတယ်။

ဖေဖော်ဝါရီ ၂၅ ရက်နေ့မှာတော့ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာ ၆ စင်း၊ MI-35 ၁ စင်းတို့နဲ့ ကေအဲန်ယူ-လယ်ဒိုကော်ဆာက ထီးမိုဂီထာရဲစခန်းနဲ့ ကျွန်းတောစခန်းကို ဗုံးကြဲချသလို အော်လီဂန်းနဲ့လည်း ၁၄ ကြိမ် ပစ်ခတ်ခဲ့လို့ အချုပ်ခန်းမှာ ဖမ်းခံထားရတဲ့ စကစထောက်တိုင် ဇရပ်ခင်ကျေးရွာက အသက် ၄၅ နှစ်အရွယ် ဦးသန်းဇော်ဦး သေဆုံးခဲ့ရပြီး ၁၃ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့သလို ကျွန်းတောစခန်းက KNLA လက်အောက်ခံ တပ်ဖွဲ့ဝင် ၅ ယောက်လည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

 ထို့အပြင် ပိန်းဇလုပ်အခြေစိုက်တပ် ခလရ-၂၆၄မှ ဟောင်ဝစ်ဇာလက်နက်ကြီး ၁၅၅မမ(၁)လုံးကို ထိုးဝါးစိုက် ကျေးရွာတွင်းသို့ ပစ်ခတ်ခဲ့ရာ ထိုးဝါးစိုက်ကျေးရွာမှ စောဖားထောခေါ်၏ နွား(၂)ကောင်ကို လက်နက်ကြီး ထိမှန်သေဆုံးခဲ့ပါသေးတယ်။

ဒါ့အပြင် ၁၅၅ မမ လက်နက်ကြီး ၅ လုံးကိုလည်း ဘောကထာကျေးရွာအရှေ့ဘက်ကို ပစ်ခတ်ခဲ့သလို  နတ်သံကွင်းတံတားထိပ်နဲ့ ကုန်းချောင်းဝကျေးရွာမှာ နေရာယူထားတဲ့ စစ်တပ်တွေကလည်း ၆၀ မမ စုစုပေါင်း ၇၅ လုံးကို နတ်သံကွင်းမြို့ ဆေးရုံနဲ့ တံခွန်တိုက်ရပ်ကွက်ကို ပစ်ခတ်ခဲ့တဲ့အပြင် ဒရုန်းနဲ့ ၅ ကြိမ် ၆၀ မမ လက်နက်ကြီး စုစုပေါင်း ၁၅ လုံးကိုလည်း ထပ်မံ ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

ဖေဖော်ဝါရီ ၂၆ ရက်နေ့မှာလည်း  နတ်သံကွင်းမြို့ တံခွန်တိုင်ရပ်ကွက်ကို လက်နက်ကြီးတွေနဲ့ အဆက်မပြတ် ပစ်ခတ်ခဲ့သလို ပိန်းဇလုပ်အခြေစိုက်တပ် ခလရ ၂၆၄ ကလည်း ဟောင်ဝစ်ဇာလက်နက်ကြီးနဲ့ ဘောကထာ ကျေးရွာနဲ့ ကညင်ကျိုးကျေးရွာတို့ကို ပစ်ခတ်ခဲ့ ပါသေးတယ်။

ဖေဖော်ဝါရီ ၂၉ ရက်အထိ အရပ်သားတွေနေထိုင်ရာ ရပ်ရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်တာ၊ ဒရုန်းနဲ့ ဗုံးကြဲတာတို့ကို ဆက်တိုက် လုပ်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့မှာတော့ မတ် ၁ ရက် ည ၁၁ နာရီလောက်က ခရွဲကျေးရွာအတွင်းကို စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးပစ်ခတ်လိုက်လို့ နေအိမ်နဲ့ ပြည်သူပိုင်အဆောက်အအုံတချို့ ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဝေါမြို့နယ် လက်ပံကျေးရွာက ကိုးသိန်းရှင်ဘုရားမှာ အခြေချနေထိုင်တဲ့ စစ်ကောင်စီတပ်က လက်နက်ကြီး ၁၂၀ မမ၊ အာပီဂျီ တို့နဲ့ ခရွဲရွာကို ဦးတည်ပစ်ခတ်ခဲ့တာပါ။

ဒေသခံတယောက်က “မနေ့က (မတ် ၁ ရက်)နေ့မှာ ကေအန်ယူက အိမ်ထောင်စုစာရင်းတွေကို အသံချဲ့စက်နဲ့လာရောက်ကောက်ယူတယ်။ အဲဒါ သတင်းကြားလို့ သူတို့ပစ်တယ် ထင်တာပဲ” လို့ ဆိုပါတယ်။

၁၂၀ မမ ၇ လုံး၊ အာပီဂျီ ၄ လုံး နဲ့ ခရွဲရွာ ပစ်ခတ်ခံခဲ့ရပြီး အဲဒီပစ်ခတ်မှုကြောင့် အရပ်သားတယောက်ရဲ့ နေအိမ် တလုံး၊ ပြည်သူပိုင် ဓမ္မာရုံနဲ့ အများပိုင်ရေတွင်းတို့ ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013