မြိတ်ကနေ တနင်္သာရီဘက်ကို ထွက်ခွာလာတဲ့ ခရီးသည်ကားတစီးကို ဖေဖော်ဝါရီ ၂၇ ရက်နေ့က မြိတ်မြို့အထွက် ကျောက်ဖြူတောင် စစ်ဆေးရေးဂိတ်မှာ စစ်ကောင်စီတပ်က ဖမ်းဆီး ထိန်းသိမ်းလိုက်ပြီး ကားပိုင်ရှင်ကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ကားပိုင်ရှင်မိသားစုဝင်တွေနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
ဖမ်းဆီးဆီးခံရတဲ့ ကားပိုင်ရှင်ဟာ အသက် ၄၀ အရွယ် ကိုထိန်ဝင်းဦးဖြစ်ပြီး မြိတ်မြို့ကနေ ခရီးသည်တင်ဆောင်ထွက်ခွာလာချိန် ဂိတ်မှာ ဖမ်းဆီးထိန်းသိမ်းခံလိုက်ရတာဖြစ်ပြီး ဘာကြောင့် ဖမ်းဆီးလိုက်တယ်ဆိုတာကိုတော့ မသိရဘူးလို့ ပြောပါတယ်။
မိသားစုဝင်နဲ့နီးစပ်သူတယောက်က “ဘာကြောင့်ဖမ်းလဲ မသိရဘူး။ မြို့အဝင်မှာ ဖမ်းခံရတယ် ပြောတယ်။ သူ့မိန်းမက ဒီနေ့မြိတ်ကို လိုက်သွားတယ်။ သူက ကားပိုင်ရှင်ကိုယ်တိုင်ပါပဲ။ သူကတော့ အပြန်ဆို ဆန်တင်လာတတ်တယ်။ နည်းနည်းပါးပါးတင်ဆောင်ပေးတယ်။ ပစ္စည်းမှာတုန်းက တခြားသူတွေမတွေ့ဘူး။ သူတယောက်တည်းပဲ လုပ်နေတာတွေ့တယ်” လို့ ပြောပါတယ်။
ကားပေါ်ပါလာတဲ့ခရီးသည်တွေကိုတော့ ကျောက်ဖြူတောင်စစ်ဆေးရေးဂိတ်မှာပဲ ဆင်းခိုင်းခဲ့တယ်လို့ သိရပြီး ကားပိုင်ရှင် ကိုထိန်ဝင်းဦးကိုတော့ ဘယ်ကိုခေါ်ဆောင်သွားတယ်ဆိုတာကို မိသားစုဝင်တွေလည်း မသိရသေးဘူးလို့ ပြောပါတယ်။
ကျောက်ဖြူတောင်စစ်ဆေးရေးဂိတ်မှာ မကြာခဏ တင်းတင်းကျပ်ကျပ် စစ်ဆေးတတ်ပြီး ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၁ ရက်နေ့ကလည်း တနင်္သာရီကနေ မြိတ်ကိုပြေးဆွဲနေတဲ့ ခရီးသည်ကားတစီးပေါ်မှာ ဗုံးသီး ၂ လုံး တွေ့ရှိတယ်လို့ဆိုပြီး ယာဉ်မောင်းနဲ့ စပယ်ယာတို့ကို ဖမ်းဆီးသလို ကားကိုလည်း သိမ်းဆည်းခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။