စစ်ဘေးစစ်ဒဏ်ခံနေရတဲ့ ဆူဒန်နိုင်ငံအတွင်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အေဂျင်စီ တွေအတွက် ဘေးကင်းစွာ ဝင်ရောက်ခွင့်ကို တမင်တကာ ငြင်းပယ်ခြင်းဟာ စစ်ရာဇ၀တ်မှု တခု ဖြစ်လာနိုင်ကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အကြီးအကဲ ဗော်လ်ကာတာ့ခ်က မတ် ၁ ရက်မှာ ပြောကြားခဲ့ပါတယ်။
ဆူဒန်ဟာ “ရှင်သန်နေတဲ့ သက်ရှိအိပ်မက်ဆိုးတစ်ခု” ဖြစ်လာတယ်လို့လည်း ဗော်လ်ကာတာ့ခ် က ဂျီနီဗာရှိ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီမှာ မိန့်ခွန်းပြောကြားရာမှာ ထည့်ပြောသွားပါတယ်။
ဆူဒန်လူဦးရေရဲ့ ထက်ဝက်နီးပါးဖြစ်တဲ့ လူ ၂၅ သန်းဟာ စားနပ်ရိက္ခာနဲ့ ဆေးဝါး အကူအညီတွေ အရေးပေါ် လိုအပ်နေပြီး ဆေးရုံတွေရဲ့ ၈၀ ရာခိုင်နှုန်း လောက်ကို ဝန်ဆောင်မှုတွေ ရပ်ဆိုင်းထား ရကြောင်းလည်း ပြောပါတယ်။
လူ့အသက်တွေ အများကြီး မဆုံးရှုံးရခင် မနှောင့်နှေးနေပဲ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ စင်္ကြံတွေကို ဖွင့်လှစ်ပြီးတော့ သူတို့ရဲ့ တရားဝင် ဝတ္တရားတွေကို ကျေကျေပွန်ပွန် ထမ်းဆောင်ကြစေဖို့လည်း စစ်ဖြစ်နေတဲ့ အဖွဲ့တွေကို ထပ်ပြီး တောင်းဆိုခဲ့ပါတယ်။
ဆူဒန်ရဲ့ အရံအမြန်ထောက်ပံ့ရေးတပ်ဖွဲ့ (RSF) နဲ့ ဆူဒန်စစ်တပ်တို့ဟာ ၂၀၂၃ ခုနှစ် ဧပြီလ ကတည်းကနေ အခုထိ နိုင်ငံရဲ့ ထိန်းချုပ်မှုအတွက် တိုက်ပွဲဝင်နေကြဆဲဖြစ်ပြီး စစ်ပွဲအတွင်း လူထောင်ပေါင်းများစွာ သေဆုံးခဲ့ရတဲ့အပြင် သန်းနဲ့ချီတဲ့ လူတွေဟာ ပြည်တွင်းပြည်ပကို အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပြီးတော့ အစားအစာ ငတ်မွတ်ခေါင်းပါးမှု သတိပေးချက်တွေကို ဖြစ်ပေါ်စေခဲ့ပါတယ်။
နိုင်ငံတကာအေဂျင်စီတွေနဲ့ NGO တွေဟာ နိုင်ငံတွင်းကို လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ ရောက်ရှိစေဖို့ စစ်တပ် ထိန်းချုပ်ထားတဲ့ ဆူဒန်ဆိပ်ကမ်းကို ဝင်ရောက်ခွင့်ရဖို့ ဗျူရိုကရေစီ အတားအဆီးတွေနဲ့ပတ်သက်ပြီး တိုင်ကြားမှုတွေ ရှိနေချိန်မှာ ထောက်ပံ့ရေးပစ္စည်း တွေ လုယက်ခံရပြီးတော့ လူသားချင်း စာနာထောက်ထားမှု လုပ်သားတွေလည်း တိုက်ခိုက်ခံခဲ့ ရပါတယ်။
ဆူဒန်အစိုးရက ချဒ်မှတဆင့် အကူအညီတွေပေးပို့ခြင်းကို တားမြစ်ဖို့ဆုံးဖြတ်ခဲ့ပြီးနောက် ဆူဒန်နိုင်ငံ ဒါဖာဒေသရှိ သန်းနဲ့ချီတဲ့ လူတွေဟာ ငတ်မွတ်ခေါင်းပါးပြီး သေဆုံးနိုင်တဲ့အန္တရာယ် ရှိနေတယ်လို့ ပြည်တွင်း အိုးအိမ်မဲ့ ဒုက္ခသည်တွေအတွက် စည်းရုံးရေးအဖွဲ့က အင်္ဂါနေ့မှာ ပြောကြားခဲ့ပါတယ်။
Source/Photo - Reuters