ဘာဘီကျူးလို့ လူသိများတဲ့ ဟေတီဂိုဏ်းခေါင်းဆောင် ဂျင်မီ ချဲရိဇီယာဟာ ၀န်ကြီးချုပ် အေရီယယ် ဟင်နရီကို ဖြုတ်ချဖို့ ဆက်ကြိုးစားသွားမယ်လို့ မတ် ၁ ရက်မှာ သတိပေး ပြောကြားလိုက်ပြီး မြို့တော်ရဲ့ အစိတ်အပိုင်းတွေမှာ အကြမ်းဖက်မှုတွေ ကြီးထွားလာတာနဲ့အမျှ ကလေးတွေကို ကျောင်း မတက်ခိုင်းဖို့လည်း မိသားစုတွေကို တောင်းဆိုထားပါတယ်။
“ဟေတီအမျိုးသားရဲတပ်ဖွဲ့နဲ့ စစ်တပ်အနေနဲ့ အေရီယယ် ဟင်နရီကို ဖမ်းဆီးဖို့ တာဝန်ယူပေးပါလို့ တောင်းဆိုကြောင်းနဲ့ အေရီယယ် ဟင်နရီကို ဖမ်းတာဟာ တိုင်းပြည်လွတ်မြောက်ရေးအတွက် ဖြစ်ကြောင်း” ဂိုဏ်းပေါင်းစုံကို ဦးဆောင်နေတဲ့ ရဲအရာရှိဟောင်း ချဲရိဇီယာက ပြောပါတယ်။
ပြည်သူလူထုက ငါတို့ရန်သူ မဟုတ်သလို လက်နက်ကိုင်အဖွဲ့တွေကလည်း မင်းတို့ရဲ့ရန်သူ မဟုတ်ဘူးလို့လည်း ဆိုပါတယ်။
သူတို့မှာ ရှိနေတဲ့ လက်နက်တွေဟာ ရဲတပ်ဖွဲ့မှာ အတူကျင်လည်ခဲ့တဲ့ ညီအစ်ကိုတွေကို ထိခိုက်အောင် မလုပ်ဘူးလို့လည်း ဟေတီဂိုဏ်းခေါင်းဆောင် ချဲရိဇီယာဟာ ၂၀၂၂ ခုနှစ်မှာ နိုင်ငံရဲ့ အကြီးဆုံး ရေနံဂိတ်ကို ပိတ်ဆို့ခဲ့ပြီး ဟေတီနိုင်ငံကို အနှောင့်အယှက် ပေးခဲ့ပါတယ်။
သူ့ကို ကုလသမဂ္ဂနဲ့ အမေရိကန် ဘဏ္ဍာရေးဌာန ၂ ခုလုံးက ပိတ်ဆို့အရေးယူမှုတွေ ချမှတ် ထားပါတယ်။
ဟေတီမြို့တော်ရဲ့ တချို့နေရာတွေမှာ သေနတ်ပစ်ခတ်မှုနဲ့ ယာဉ်ကြောပိတ်ဆို့မှုတွေ ဆိုးဆိုးရွားရွား ဖြစ်ပွားခဲ့ပြီး လမ်းမတွေပေါ်မှာ မီးလောင်ထားတဲ့ ဘတ်စ်ကားတွေ၊ မီးလောင်နေတဲ့ အတားအဆီးတွေနဲ့ မီးခိုးလုံး မည်းမည်းတွေ လေထဲတက်နေတာပါ။
သောကြာနေ့ နှောင်းပိုင်းမှာ မြို့တော်ရဲ့ ပင်မ ကွန်တိန်နာ ဆိပ်ကမ်းကို လက်နက်ကိုင်တွေက သိမ်းပိုက်ဖို့ ကြိုးပမ်းခဲ့ကြောင်း သတင်းများ ထွက်ပေါ်ခဲ့ပြီး လူဆိုးဂိုဏ်းတွေက မြို့တွင်းရှိ ရဲစခန်းတွေကို ထပ်မံတိုက်ခိုက်မယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။
ရိုက်တာဟာ အဲဒီအစီရင်ခံစာတွေကို ချက်ချင်း အတည်ပြုနိုင်ခြင်း မရှိခဲ့ပါဘူး။
ဝန်ကြီးချုပ် ဟင်နရီရုံးက ကြေညာချက်မှာတော့ လက်နက်ကိုင် ဓားပြတွေရဲ့ စီစဉ်ကြိုးကိုင်မှုနဲ့ အကြမ်းဖက် လုပ်ရပ်တွေကြောင့် ဒေါသထွက်ခဲ့ရကြောင်းနဲ့ သေဆုံးသူတွေရဲ့ မိသားစုတွေဆီ ဝမ်းနည်းကြောင်း ဖော်ပြခဲ့ပါတယ်။
အစိုးရအနေနဲ့ ပဋိပက္ခတွေကို ဖြေရှင်းဖို့ ဆက်လက်လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ ပြောပါတယ်။
Source/Photo - Reuters