တောင်ကိုရီးယားနိုင်ငံကို အလုပ်သွားလုပ်မယ့် မြန်မာလုပ်သားတွေဆီကနေ အင်ချွန်းလေဆိပ်မှာ တားမြစ်ကုန်ပစ္စည်းတွေ ဖမ်းမိတာများလာလို့ ပုံမှန်ကောက်နေတဲ့ ဒဏ်ကြေးဝမ် ၁ သိန်းကနေ သိန်း ၅၀ အထိ တိုးမြှင့်ကောက်ခံသွားတော့မယ်လို့ တောင်ကိုရီးဘက်ကအသိပေးကြောင်း EPS Center in Myanmar က ဖေဖော်ဝါရီ ၂၉ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
မြန်မာ EPS စင်တာ(HRDK) နဲ့ အလုပ်သမား ပို့ဆောင်ရေးဌာန (POEA) တို့က ကိုရီးယားနိုင်ငံကို အလုပ်သွားရောက်လုပ်ကိုင်မယ့် မြန်မာလုပ်သားတွေကို တားမြစ်ပစ္စည်းတွေမယူဆောင်သွားဖို့လည်း သတိပေးမှာကြားတာတွေ ပြုလုပ်ခဲ့ပါတယ်။
တားမြစ်ပစ္စည်းတွေ မသယ်လာဖို့ အကြိမ်ကြိမ်သတိပေးပေမဲ့ တားမြစ်ထားတဲ့ လယ်ယာထွက်ကုန်ပစ္စည်းနဲ့ စားသောက်ပစ္စည်းတွေကို အင်ချွန်းလေဆိပ်မှာ မြန်မာလုပ်သားတွေဆီက အပတ်စဉ်ရှာဖွေတွေ့ရှိနေတယ်လို့ ဆိုပါတယ်။
တွေ့ရှိတဲ့တားမြစ်ပစ္စည်းတွေကို သိမ်းယူတာနဲ့ဝမ် ၁ သိန်း ဒဏ်ရိုက်တာတွေပြုလုပ်ခဲ့ပေမယ့် ထပ်ပြီး သယ်ဆောင်လာတာတွေရှိနေလို့ ဒဏ်ကြေး ၀မ်သိန်း ၅၀ အထိ တိုးမြှင့်ကောက်ခံသွားမယ်လို့ တောင်ကိုရီးယား အာဏာပိုင်တွေက မြန်မာအလုပ်သမားသံအရာရှိရုံးကို အကြောင်းကြားခဲ့ပါတယ်။
ဒါကြောင့် ကိုရီးယားနိုင်ငံကို အလုပ်သွားလုပ်ရမယ့် မြန်မာနိုင်ငံသားများအနေနဲ့ တားမြစ်ပစ္စည်းတွေ မယူဆောင်သွားဖို့ ဆိုးလ်မြို့ရှိ မြန်မာအလုပ်သမား သံအရာရှိရုံးနဲ့ EPS Center in Myanmar တို့က သတိပေးထုတ်ပြန်ထားပါတယ်။