ချင်းပြည်နယ်၊ ဒိုင်ဒေသအတွင်းမှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းအန္တရာယ်ကြောင့် ဒေသခံပြည်သူတွေအနေနဲ့ ရေကြောင်းကနေ ခရီး မသွားလာကြဖို့ CDF-ဒိုင် (CDF- Daai)က ထုတ်ပြန်ထားပါတယ်။
ဒိုင်ဒေသအတွင်းက မနူးကျေးရွာနဲ့ တပြေပင်ကျေးရွာကြားက ရေကြောင်းခရီးအသုံးပြုနေတဲ့ ဆီချောင်းဝကို မတ် ၁ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲအချိန်မှာ စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ၂ ကြိမ် တိုက်ခိုက်ခဲ့ပါတယ်။
တိုက်ခိုက်ခံရမှုကြောင့် ဆီချောင်းအတွင်းမှာသွားလာနေတဲ့ ပြည်သူတွေရဲ့ စက်လှေတချို့ ပျက်စီးခဲ့တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီရဲ့ လေကြောင်းအန္တရာယ်ကြောင့် ဒိုင်ဒေသအတွင်းက ပြည်သူတွေကို ဘေးလွတ်ရာ ပြောင်းနေကြဖို့နဲ့ မတ် ၁ ရက်ကနေ ၂၀ ရက်နေ့အထိ ရေကြောင်းခရီး သွားလာခြင်းမပြုဖို့ CDF- Daai က ထုတ်ပြန်ထားပါတယ်။
CDF-Daai ပြောရေးဆိုခွင့်ရှိသူက “အခုလက်ရှိဒိုင်ဒေသမှာ စစ်ရေးကစိုးရိမ်နေရတယ်။ အထူးသဖြင့် ဂျက်ဖိုက်တာတွေကို ကြောက်နေရတယ်။ မြေပြင်မှာ တပ်ဆုတ်လာတဲ့ စစ်ကောင်စီ တပ်သားတွေကလည်း ပြန့်ကျဲနေတယ်။ မနေ့က ဗုံးကြဲတိုက်ခိုက်မှုလုပ်တယ်။ ခရီးသွားပြည်သူတွေကို ပစ်မှတ်ထား တိုက်ခိုက်မှုလုပ်နေပါတယ်” လို့ ပြောပါတယ်။
လေကြောင့်အန္တရာယ်ကြောင့် ဒိုင်ဒေသအတွင်းက အရပ်သား ၁,၀၀၀ ကျော် ဘေးလွတ်ရာ ရွှေ့ပြောင်းနေရပြီး ရိက္ခာနဲ့ စားနပ်ရိက္ခာ လိုအပ်ချက်တွေ ရှိနေပါတယ်။
ဖေဖော်ဝါရီလက ဒိုင်ဒေသအတွင်းမှာ ဖြစ်ပွားခဲ့တဲ့ စစ်ဆင်ရေးတွေအတွင်း စစ်ကောင်စီအရာရှိနဲ့ တပ်သား ၅၉ ယောက်ကို CDF-Daai က ဖမ်းဆီးထိမ်းသိမ်းထားပါတယ်။