ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ လောက်ကိုင်ဘက်ကို ဝင်ရောက်မယ့် တခြားဒေသခံတွေကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၃ ရက်နေ့ကစလို့ လောက်ကိုင်ဒေသခံတွေက အာမခံ လာခေါ်မှပဲ ဝင်ရောက်ခွင့်ပြုနေတယ်လို့ ယာဉ်မောင်းတွေဆီက သိရပါတယ်။
လားရှိုး - လောက်ကိုင် ခရီးသည်ပို့ပေးနေတဲ့ ယာဉ်မောင်းတယောက်က “လောက်ကိုင်တက်ရင် တိုက်ရိုက် ဝင်သွားလို့မရတော့ဘူးဆိုတာ ဟုတ်ပါတယ်ဗျ။ ဘယ်ဘက်ကနေ ဝင်ဝင်၊ လောက်ကိုင်ကနေ ထောက်ခံမယ့်သူ ကွမ်းလုံမှာ လာခေါ်မှ ရပါမယ်ဗျ” လို့ ပြောပါတယ်။
နောက် ယာဉ်မောင်းတယောက်ကလည်း လောက်ကိုင်ကလူက ကွမ်းလုံတံတားကိုလာပြီး အာမခံပြီးမှပဲ တံတားကို ပေးဖြတ်တော့မယ်လို့ သိရကြောင်းနဲ့ လောက်ကိုင်ဒေသမှာ တရုတ် ဆင်းကဒ်တွေပဲ လိုင်းရတယ်လို့ ပြောပါတယ်။
လောက်ကိုင် မှတ်ပုံတင်ကိုင်ထားတဲ့သူ တယောက်က လာခေါ်တာ ဒါမှမဟုတ် လောက်ကိုင်မှတ်ပုံတင် ကိုင်ထားတဲ့သူနဲ့ အတူတူတက်ရင်လည်းဝင်ခွင့်ရပြီး တကယ်လို့ လာခေါ်မယ့်သူက လောက်ကိုင်မှာ ရှိတယ်ဆိုရင် ခရီးသည်က ကွမ်းလုံမှာကျန်ခဲ့ရပြီး ကားသမားက တက်ခေါ်ပေးလို့ရတယ်လို့လည်း ယာဉ်မောင်းတယောက်က ပြောပါတယ်။
“ဗမာတွေ ဝင်လို့ မရဘူးဗျ။ အရင်ကတော့ မှတ်ပုံတင်ပြောင်းပြီး ခေါ်သွားပေးပါတယ်။ ဗမာတွေလည်း ဝင်လို့ရတယ်ဆိုတာ ကျနော်ပြောသလို မှတ်ပုံတင်ပြောင်းပြီး ခေါ်သွားတာ။ ပြောင်းတာက ကျနော့်ကားနဲ့ လိုက်တဲ့သူပဲ ပြောင်းပေးတာ” လို့ ပြောပါတယ်။
လောက်ကိုင် ဒေသခံလာခေါ်ရင် ဝင်ခွင့်ကဒ်ရပြီဖြစ်ပြီး အဲဒီလို လောက်ကိုင် အဝင်အတွက် ဒေသခံတွေ အာမခံ လာခေါ်ရတဲ့ စနစ်ကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၃ ရက် နေ့က စတာလို့ ဆိုပါတယ်။
အခုလို ဝင်ခွင့်ကန့်သတ်လိုက်တာနဲ့ပတ်သက်ပြီး မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော်ရဲ့ ပြောရေးဆိုခွင့်ရှိသူ လီကျားဝင်း ကို တယ်လီဂရမ်ကနေတဆင့် စာပို့ မေးမြန်းထားပေမယ့် အကြောင်းပြန် ဖြေကြားပေးတာ မရှိသေးပါဘူး။
ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၉ ရက်နေ့မှာ ကွမ်းလုံမြို့နဲ့ ကွမ်းလုံတံတားတို့ကို မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) က သိမ်းပိုက်ထိန်းချုပ်ခဲ့တာ ဖြစ်ပါတယ်။