Home
နိုင်ငံတကာ
ချစ်ပ်ပြားထုတ်သည့်ကုမ္ပဏီ Nvidia ၏ စတော့တန်ဖိုး ဒေါ်လာ ၂ ထရီလီယံ ကျော်ရှိလာ
DVB
·
March 2, 2024

အသိဉာဏ်တု(AI) နည်းပညာနဲ့ ပတ်သက်တဲ့ကုမ္ပဏီတွေရဲ့ စတော့စျေးတွေ တောက်လျှောက် မြင့်တက်နေခြင်းနဲ့အတူ ချစ်ပ်ပြားထုတ်လုပ်တဲ့ကုမ္ပဏီ Nvidia (အန်ဗီဒီယာဟုထွက်ပါ) ရဲ့ စတော့ စျေးကွက်တန်ဖိုးဟာ မတ် ၁ ရက်မှာ ပထမဆုံးအကြိမ် ဒေါ်လာ ၂ ထရီလီယံကျော်သွားခဲ့ပါတယ်။ 

Nvidia က ထုတ်တဲ့ ပရောဆက်ဆာတွေ သုံးတဲ့ အေအိုင် ဆာဗာတွေရောင်းချနေတဲ့ ဒဲလ်ကုမ္ပဏီရဲ့ စတော့စျေး ၃၈ ရာခိုင်နှုန်းအထိ တက်သွားချိန်မှာ Nvidia ရဲ့ စျေးလည်း ၄ ရာခိုင်နှုန်း ထပ်တက်သွားပါတယ်။ 

ဒါကြောင့် Nvidia ရဲ့စျေးကွက်တန်ဖိုးဟာ ၂ ဒသမ ၀၆ ထရီလျံအထိ ရှိလာပြီး ဝေါစထရိမှာ တတိယ တန်ဖိုးအကြီးဆုံးကုမ္ပဏီ ဖြစ်လာပါတယ်။ 

ပထမက မိုက်ခရိုဆော့ဖ်ဖြစ်ပြီး ဒေါ်လာ ၃ ဒသမ ၀၉ ထရီလီယံ၊ ဒုတိယက အက်ပဲလ်ဖြစ်ပြီး ၂ ဒသမ ၇၇ ထရီလျံ တန်ကြေး ရှိကြပါတယ်။ 

Nvidia ရဲ့ချစ်ပ်တွေ နဲ့ လုပ်ထားတဲ့ ဆာဗာတွေ ရောင်းတဲ့ Super Micro Computer ရဲ့ ရှယ်ယာ စျေးလည်း ၄ ဒသမ ၅ ရာခိုင်နှုန်းအထိ တက်သွားပါတယ်။ 

တခြား အေအိုင်နည်းပညာအထူးပြု ချစ်ပ်ပြားထုတ်လုပ်တဲ့ ကုမ္ပဏီတွေရဲ့ တန်ဖိုးတွေလည်း ထိုးတက် နေပါတယ်။ 

Nvidia ဟာ အဆင့်မြင့် အေအိုင်ချစ်ပ်ပြားစျေးကွက်ရဲ့ ၈၀ ရာခိုင်နှုန်းအထိ လွှမ်းမိုးထားပြီး သူ့ဖောက်သည်တွေထဲမှာ နာမည်ကျော် ChatGPT ဖန်တီးတဲ့ OpenAI ၊ မိုက်ခရိုဆော့ဖ်၊ ဂူးဂဲလ်ရဲ့ Alphabet ၊ ဖေ့စ်ဘတ်ခ်ရဲ့  Meta Platforms တွေ ပါဝင်ပါတယ်။

Source/Photo - Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013