ရုရှားအတိုက်အခံခေါင်းဆောင် အလက်ဇီ နာဗယ်လ်ညီရဲ့ စျာပနအခမ်းအနားကို မတ်၁ ရက်မှာ ကျင်းပခဲ့ရာမှာ လူထောင်ချီတက်ရောက်ခဲ့ကြပြီး သူ့နာမည်ကို သံပြိုင်ကြွေးကြော်ခဲ့ကြပါတယ်။
တချိန်က နာဗယ်လ်ညီ နေထိုင်ခဲ့ရာနေရာနဲ့ မဝေးလှတဲ့ သင်္ချိုင်းမှာ သူ့မိခင် လျုဒ်မီလာနဲ့ ဖခင် အနာတိုလီတို့ဟာ သူ့တို့အရင်ထွက်သွားတဲ့ သားဖြစ်သူကို နောက်ဆုံးအနမ်းပေးခဲ့ကြပါတယ်။
စျာပနတက်ရောက်ကြသူတွေဟာ လက်ယှက် ဆုတောင်းပြီးတော့ နာဗယ်လ်ညီရဲ့ အလောင်းကို နောက်ဆုံးအကြိမ် တို့ထိနှုတ်ဆက်ခဲ့ကြအပြီးမှာတော့ ဘုန်းတော်ကြီးက မျက်နှာပေါ်မှာ ပဝါဖြူအုပ်ပြီး အခေါင်းကို ပိတ်လိုက်ပါတော့တယ်။
ရုရှားသမ္မတပူတင်ကို အပြင်းထန်ဆုံးဝေဖန်သူအဖြစ် ထင်ရှားတဲ့ နာဗယ်လ်ညီဟာ အသက် ၄၇ နှစ် အရွယ်မှာ အာတိတ်ဒေသက အကျဉ်းစခန်းမှာထောင်ဒဏ်ကျခံနေရချိန်မှာ ရုတ်တရက် ကွယ်လွန် သွားခဲ့တာဖြစ်ပါတယ်။
သူ့ထောက်ခံသူတွေကတော့ ပူတင်က သူ့ကို တနည်းနည်းနဲ့ သတ်ခဲ့တယ်လို့ စွပ်စွဲကြပါတယ်။
ရုရှားအာဏာပိုင်တွေက နာဗယ်လ်ညီရဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေကို အစွန်းရောက်ဝါဒ အဖြစ် တံဆိပ်ကပ်ခဲ့ပြီး သူ့ထောက်ခံသူတွေကို အမေရိကန်က မြှောက်ပေးထားတဲ့ ပြဿနာရှာသူတွေ အဖြစ် ကင်ပွန်းတပ်ကြပါတယ်။
သူ့အလောင်းမြှုပ်နှံတဲ့ သင်္ချိုင်းမှာရော၊ ဆုတောင်းပွဲလုပ်တဲ့ ဘုရားကျောင်းမှာပါ လူထောင်ချီ စုံရုံးခဲ့ကြပြီး ပန်းစည်းပန်းခွေတွေနဲ့ ဆုတောင်းပေးခဲ့ကြပါတယ်။
“ရုရှားလွတ်မြောက်ရမယ်”၊ ‘’စစ်ပွဲအလိုမရှိ”၊ “ပူတင်မရှိတဲ့ရုရှား”၊ “ငါတို့ခွင့်မလွှတ်ဘူး၊ “ပူတင်လူသတ်သမား” စတဲ့ ကြွေးကြော်သံတွေ ဟစ်ကြွေးခဲ့ကြပါတယ်။
ရဲတပ်ဖွင့်ဝင်အင်အားအများအပြား စောင့်ကြည့်ခဲ့ကြပေမဲ့ ဝင်စွက်တာတော့မရှိခဲ့ပါဘူး။
မြို့ကြီးမြို့ငယ် ၁၂ ခုမှာ နာဗယ်လ်ညီ အောက်မေ့ဖွယ်အခမ်းအနားတွေနဲ့ ပတ်သက်ပြီး လူ ၉၁ ဦး ကို ထိန်းသိမ်းခဲ့ပါတယ်။
“ဒီမှာ လူ တသောင်းကျော်ရှိပါတယ်၊ ဘယ်သူမှ မကြောက်ကြပါဘူး။ ဘာကိုမှ မကြောက်ခဲ့တဲ့ လူ တယောက်ရဲ့ အမှတ်ရစရာတွေကို ဂုဏ်ပြုဖို့ ကျမတို့ ဒီကိုလာခဲ့ကြတာပါ” လို့ စျာပနတက်လာတဲ့ ကမီလာဆိုတဲ့ အမျိုးသမီးက ပြောပါတယ်။
Source/Photo - Reuters