Home
မြန်မာသတင်း
ထားဝယ်နည်းပညာတက္ကသိုလ်က ဒု ပါချုပ်နှင့် ပါမောက္ခ ၂ ဦးကို ဗထူးတပ်မတော်က ဖမ်းဆီး
DVB
·
March 2, 2024
uni 232024

တနင်္သာရီတိုင်း၊ ထားဝယ်နည်းပညာတက္ကသိုလ်က ဒု ပါမောက္ခချုပ်နဲ့ ပါမောက္ခတွေကို ဖေဖော်ဝါရီ ၂၈ ရက်နေ့၊ နေ့လယ်ပိုင်းမှာ ဖမ်းဆီးထိန်းသိမ်းခဲ့သလို စစ်ကောင်စီစခန်းကို တိုက်ခိုက်ခဲ့ပြီး ၅ ယောက် သေဆုံးတယ်လို့ ဗထူးတပ်မတော်ဆီက သိရပါတယ်။

ဗထူးတပ်မတော်ရဲ့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ရဲဘော်ထက်မြက်က “သူတို့က လူထုမထောက်ခံတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ လက်အောက်ခံဝန်ထမ်းတွေဖြစ်တယ်။ နောက်ပြီးတော့ သူတို့က ကျနော်တို့ ကျောင်းသားလူငယ်တွေအကုန်လုံး စစ်ကျွန်ပညာရေးကို ဆန့်ကျင်နေကြတဲ့ အချိန်မှာ ပြည်သူလူထုကို ငဲ့ညာခြင်းမရှိဘဲ စစ်ကျွန်ပညာရေးစနစ်ကို အသက်သွင်းပြီး လုပ်ဆောင်နေတာကြောင့် ဖမ်းဆီးရတာပါ” လို့ ပြောပါတယ်။

ဖမ်းဆီးထိန်းသိမ်းခံရတဲ့သူတွေထဲမှာ ထားဝယ်နည်းပညာတက္ကသိုလ်ရဲ့ ဒု ပါမောက္ခချုပ် ဦးကျော်အောင်၊ ပါမောက္ခ ဒေါ်စုစုလတ်နဲ့ ပါမောက္ခ ဒေါ်နန္ဒလွင်တို့ ပါဝင်တယ်လို့ ဗထူးတပ်မတော်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ကိုထက်မြက်က “ကျနော်တို့က ကျောင်းဝန်းထဲကို ဝင်ရောက်ထိန်းတယ်။ အချိန်အတိုင်းအတာအရ ဒု ပါမောက္ခအပါအဝင် ပါမောက္ခ ၂ ဦး ထိန်းသိမ်းလာတာရှိတယ်။ လက်ရှိအခြေအနေမှာတော့ သူတို့ကို စစ်ဆေးနေဆဲပါ။ သူတို့ရဲ့လုံခြုံရေး၊ ကျန်းမာရေးကို တာဝန်ယူပြီးတော့ ကောင်းကောင်းမွန်မွန်ပဲ ထိန်းသိမ်းထားပါတယ်” လို့ ပြောပါတယ်။

ဗထူးတပ်မတော်က ထားဝယ်နည်းပညာတက္ကသိုလ်ကနေ ဆုတ်ခွာပြီးတဲ့နောက် နေ့လယ် ၁၂ နာရီဝန်းကျင်မှာ ဘုရားမဲဘုန်းကြီးကျောင်းအတွင်း တပ်စွဲနေထိုင်တဲ့ စစ်ကောင်စီရဲ့ ကာကင်းစခန်းနဲ့ ဘုရားမဲစစ်ဆေးရေးဂိတ်ကိုလည်း ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီ တိုက်ခိုက်မှုမှာ စစ်ကောင်စီဘက်က ၅ ယောက် သေဆုံး၊ တချို့ ထိခိုက်ဒဏ်ရာရပြီး MA-3 သေနတ် ၂ လက်၊ ကျည်ဘောက် ၆ ခု၊ ၄၀ မမ ၆ လုံး၊ ၅.၅၆ ကျည် ၂၀၄ တောင့်၊ လက်ကိုင်ဖုန်း ၂ လုံးနဲ့ စကားပြောစက် ၁ လုံး တို့ကို သိမ်းဆည်းရမိတယ်လို့ ဗထူးတပ်မတော်က ထုတ်ပြန်ထားပါတယ်။

ထားဝယ်နည်းပညာတက္ကသိုလ်ကျောင်းသားတယောက်က “ကျနော်တို့ သိတဲ့အချိန်ဆို ပါမောက္ခတွေကို ခေါ်သွားပြီ။ ပြီးမှ တိုက်ပွဲဖြစ်တာ။ တိုက်ပွဲအချိန်က ၂ နာရီကျော်ကျော် လောက်ကြာတယ်။ ကျောင်းထဲကိုလည်း လက်နက်ကြီးကျတယ်” လို့ ပြောပါတယ်။

ထားဝယ်နည်းပညာတက္ကသိုလ်မှာ အခုစာသင်နှစ် စာရင်းရှိကျောင်းသားဦးရေ ၉၅၀ ဝန်းကျင်လောက်ရှိပြီး ကျောင်းတက်နေတဲ့သူ ကျောင်းသားဦးရေတော့ ၁၀၀ နီးပါးလောက်ရှိတယ်လို့ ကျောင်းနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။

အခုလက်ရှိမှာတော့ ထားဝယ်နည်းပညာတက္ကသိုလ်က ပစ္စည်းတွေကို ထားဝယ်ကွန်ပျူတာ တက္ကသိုလ်ဆီ ဖေဖော်ဝါရီ ၂၉ ရက်နေ့မှာ စစ်ကောင်စီက ပြောင်းရွှေ့ထားပြီး ထားဝယ်နည်းပညာတက္ကသိုလ်နဲ့ ဘုရားမဲစစ်ဆေးရေးဂိတ်မှာလည်း စစ်ကူတွေရောက်လာပြီး လုံခြုံရေးတွေတိုးချဲ့ထားတယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024