ရန်ကုန်တိုင်း၊ တာမွေမြို့နယ်၊ မေတ္တာညွန့်ရပ်ကွက် ရွှေဝါလမ်းထိပ်က ရထားလမ်းလမ်းကူးနေရာမှာ မတ် ၁ ရက်နေ့ ညနေပိုင်းက အသက် ၁၅ နှစ်အရွယ် ကျောင်းသားတယောက် ရထားလမ်းဖြတ်ကူးရင်း ရထားအတိုက်ခံလိုက်ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ရထားအတိုက်ခံရတဲ့ ကျောင်းသားဟာ IMBC ကိုယ်ပိုင်အထက်တန်းကျောင်းက Grade-9 ကျောင်းသားဖြစ်ပြီး ဒဂုံဆိပ်ကမ်းမြို့နယ်ဘက်မှာ နေထိုင်သူဖြစ်တယ်လို့ မေတ္တာညွန့် လူမှုကူညီရေးအသင်းဝင်တယောက်က ပြောပါတယ်။
“ရထားနဲ့ တည့်တိုက်မိတာမဟုတ်ပါဘူး။ ရထားဘေးက လက်ကိုင်သံတန်းလို ခြေနင်းခုံလို အရာမျိုးနဲ့ တိုက်မိပြီး ခေါင်းကွဲသွားတာ။ တိုက်မိတဲ့အရှိန်နဲ့ လွင့်ကျသွားတော့ ပွန်းပဲ့ ဒဏ်ရာတွေလည်းရှိပါတယ်။ ခေါင်းထိတာဆိုတော့ အနီရောင်အဆင့်ပါပဲ။ သတိတော့ရနေပါပြီ။ ၂၄ နာရီပြည့်အောင်တော့ စောင့်ကြည့်ရမှာပေါ့” လို့ ပြောပါတယ်။
မနေ့က ညနေ ၄ နာရီအချိန်က မင်္ဂလာဒုံဘက်ကနေ ရန်ကုန်ဘူတာကြီးဆီဝင်မယ့် မြို့ပတ်ရထားဟာ တာမွေမြို့နယ်၊ မေတ္တာညွန့်ရပ်ကွက်ကို ဖြတ်မောင်းနေတုန်း ရွှေဝါလမ်းထိပ်ရထားလမ်းကနေ တဖက် ရပ်ကွက်ကိုဖြတ်ကူးရင်း အတိုက်ခံခဲ့ရတာဖြစ်ပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီး အရေးပေါ်ဌာနကို ပို့ဆောင်ထားခဲ့တယ်လို့ သိရပါတယ်။
Photo - မေတ္တာညွန့် လူမှုကူညီရေးအသင်း