Home
နိုင်ငံတကာ
အိန္ဒိယအချမ်းသာဆုံးပုဂ္ဂိုလ်၏သား မင်္ဂလာပွဲကြိုသို့ ကမ္ဘာကျော်များ တက်ရောက်
DVB
·
March 2, 2024
india world 232024

ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်တွေ၊ နာမည်ကျော် ဆယ်လီဘရီတီတွေအတွက် စင်းလုံးငှားလေယာဉ် တွေ၊ အဆိုတော် ရီဟန်းနားရဲ့ သီးသန့်ဖျော်ဖြေမှု၊ တောတွင်းသားဝတ်စုံတွေဝတ်ပြီး တိရစ္ဆာန် ကယ်ဆယ်ရေးစင်တာကို သွားလည်ဖို့ အစီအစဉ်တွေဟာ အာရှရဲ့အချမ်းသာဆုံးပုဂ္ဂိုလ် မူကက်ရှ်အမ်ဘာနီရဲ့ အငယ်ဆုံးသားအတွက် မင်္ဂလာပွဲကြို (Pre Wedding) ပါတီပွဲတွေထဲက တချို့တဝက်သာရှိပါသေးတယ်။ 

ဒေါ်လာ ၁၁၄ ဘီလီယံအထိ ကြွယ်ဝတဲ့ Reliance (ရီလိုင်းယန့်စ်) လုပ်ငန်းစုကြီးရဲ့  ဦးဆောင်သူ အမ်ဘာနီဟာ ပွဲပေးရင်ဘယ်တော့မှ တဝက်တပြတ်ပေးသူ မဟုတ်သလို ရေမီးအစုံ ဧည့်ခံလေ့ ရှိသူ လို့လည်း ထင်ရှားပါတယ်။ 

အသက် ၂၈ နှစ်ရှိပြီဖြစ်တဲ့ သားဖြစ်သူ အနန့်တ် အမ်ဘာနီနဲ့ ကာလရှည်တွဲလာတဲ့  အသက် ၂၉ နှစ် ရှိ ချစ်သူ ရက်ဒီကာ မားချန့်တို့ရဲ့ သုံးရက်ကြာမယ့် မင်္ဂလာပွဲကြိုဧည့်ခံပွဲကို မတ် ၁ ရက်က စတင်ခဲ့ပြီး ဧည့်သည် ၁၂၀၀ အထိ ဖိတ်ကြားထားပါတယ်။ 

မင်္ဂလာပွဲကိုတော့ ဇူလိုင်လမှ ကျင်းပမှာဖြစ်ပါတယ်။ အခု ပွဲကြိုမှာတင် နာမည်ကျော် ပေါ့နဲ့ R&B အဆိုတော်ရီဟန်းနား၊ အမေရိကန်မျက်လှည့်ဆရာ ဒေးဗစ်ဘလိန်းတို့က ဖျော်ဖြေမှာဖြစ်သလို ရိုးရားအခမ်းအနားတွေလည်း ကျင်းပမှာဖြစ်ပါတယ်။ 

ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်တွေဖြစ်တဲ့ ဘီလ်ဂိတ်တို့၊ မာ့ခ်ဇက်ကာဘာ့ဂျ်တို့ တက်ရောက် လာကြ သလို အမေရိကန်သမ္မတဟောင်း ထရမ့်ရဲ့ သမီး အီဗန်ကာထရမ့်၊ အိန္ဒိယက ဘီလျံနာတွေ၊ နာမည်ကျော် ခရစ်ကတ်ကစားသမားတွေ၊ ရှရွတ်ခန်းနဲ့ ဆယ်လ်မန်ခန်းတို့လို့ ဘောလိဝုဒ် အကျော်အမော်တွေလည်း တက်ရောက်ကြတာ ဖြစ်ပါတယ်။ 

ဆွီဒင်ဝန်ကြီးချုပ်ဟောင်း၊ ကနေဒါဝန်ကြီးချုပ်ဟောင်းနဲ့ ဘူတန်ဘုရင်တို့လည်း ပွဲတက်မှာ ဖြစ်ပါတယ်။ 

Reliance နဲ့ ပူးပေါင်းဖို့ကြေညာခဲ့တဲ့ ဒစ္စနေရဲ့ စီအီးအိုလည်း ရှိနေမှာဖြစ်ပါတယ်။ အနန့်ဟာ Reliance ရဲ့ စွမ်းအင်လုပ်ငန်းမှာ ဒါရိုက်တာ တဦးဖြစ်ပြီး သူ့ချစ်သူကတော့ အိန္ဒိယက Encore Healthcare မှာ ဒါရိုက်တာ ဖြစ်ပါတယ်။ 

အမ်ဘာနီဟာ ၂၀၁၈ ခုနှစ်တုန်းက သူ့သမီးရဲ့ မင်္ဂလာပွဲကိုလည်း  မီနီဒါးဗို့စ်လို့ တင်စားရလောက်အောင် ကမ္ဘာတလွှားက စီးပွားရေး၊ နိုင်ငံရေးနယ်ပယ်က ထင်ရှားသူတွ တက်ရောက်တဲ့ ကမ္ဘာ့စီးပွားရေး ဖိုရမ်အသေးစားလေးပမာဖြစ်စေခဲ့ဖူးပါတယ်။ 

Source/Photo - Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013