ဒေသခံကာကွယ်ရေးတပ်တွေကယ်ထုတ်ထားတဲ့ စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ ကလေးတကက္ကသိုလ်က ပညာရေးဝန်ထမ်းနဲ့ ကျောင်းသား၊ ကျောင်းသူ ၁၂ ယောက်ကို ဖေဖော်ဝါရီ ၂၉ ရက် မနေ့က မိဘတွေဆီ ပြန်လည်ပို့ဆောင်ခဲ့တယ်လို့ ကလေး PDF ဆီက သိရပါတယ်။
ကလေးတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာယောဟန်ထွန်းအပါအဝင် ပညာရေးဝန်ထမ်းတွေနဲ့ တခြားကျောင်းသား တွေကိုတော့ လုံခြုံရေးအခြေအနေအရ ပြန်လည် မပို့နိုင်သေးဘူးလို့ သိရပါတယ်။
ကလေး PDF တပ်ဖွဲ့ဝင်တယောက်က “တောင်ပေါ်(တီးတိန်)က ကျောင်းသားနဲ့ ဝန်ထမ်းတွေ အရင်ပို့တာ။ အိမ်တိုင်ယာရောက်ပို့ပေးခဲ့တာ။ ဒီဘက် မြေပြန့်ပို့ရမဲ့ဝန်ထမ်းနဲ့ ကျောင်းသားတွေ ကိုတော့ လမ်းကြောအခြေအနေအရ ပို့ပေးလို့မရသေးဘူး။ ပြန်ပို့နိုင်ဖို့တော့ ကြိုးစားနေပါတယ်။ ကောင်းမွန်စွာ ကျွေးမွေးစောင့်ရှောက်ထားတယ်” လို့ ပြောပါတယ်။
ထိန်းသိမ်းထားတဲ့ တပ်ဖွဲ့ဝင်တွေက ရောက်ရှိနေတဲ့နေရာမှာ ဘေးကင်းလုံခြုံစွာနဲ့ ထိခိုက်ဒဏ်ရာရခြင်းမရှိဘဲ စောင့်ရှောက်ထားပြီး နေထိုင်စားသောက်ရေးပိုင်းမှာလည်း ကောင်းမွန်စွာ ကျွေးထားကြောင်း ကလေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာယောဟန်ထွန်းပြောထားတဲ့ ဗွီဒီယိုဖိုင်ကို ကလေးခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဘက်က ထုတ်ပြန်ခဲ့ပါတယ်။
စစ်ကောင်စီလက်အောက်ခံ သတင်းစာတွေမှာတော့ စစ်ကောင်စီက ကလေးတက္ကသိုလ်က ဆရာ၊ ဆရာမ ဝန်ထမ်းတွေနဲ့ ကျောင်သား ၂၈၅ ယောက်ကို ကယ်ထုတ်ထားနိုင်ပြီး မိဘတွေဆီ ပို့ဆောင်ထားကြောင်း ဖော်ပြထားပြီး ဖမ်းဆီးခံထားရတဲ့ ပညာရေးဝန်ထမ်းတွေနဲ့ ကျောင်းသားတွေကို ပြန်လည်ကယ်ထုတ်သွားမယ်လို့ ပြောထားပါတယ်။
ဖေဖော်ဝါရီ ၂၆ ရက်နေ့ ကလေးတက္ကသိုလ်တိုက်ပွဲအတွင်းမှာ ပိတ်မိနေတဲ့ ပညာရေးဝန်ထမ်းတွေနဲ့ ကျောင်းသား ၁၃၀ ကျော်ကိုဒေသခံကာကွယ်ရေးပူးပေါင်းတပ်က ကယ်ထုတ်ထိန်းသိမ်းခဲ့တာပါ။